စမတ်ဖုန်းတွေဟာ လူတွေရဲ့ နေ့စဉ်လူနေမှုဘဝတွေကို အများကြီး ကူညီပေးနေတာ ငြင်းမရပါဘူး။ ဒါပေမယ့် သတင်းအမှားတွေကိုလည်း စမတ်ဖုန်းတွေက သယ်ဆောင်လာကြပါတယ်။ အခုလို ကိုရိုနာဗိုင်းရက်စ် ကူးစက်နေတဲ့ အချိန်မှာ ဗိုင်းရက်စ်ရဲ့ သတင်းအမှားတွေ ပျံ့နှံ့နေတာ အရမ်းကို အန္တရာယ်များပါတယ်။ Google Play Store မှာလည်း ဗိုင်းရက်စ်ကနေ အမြတ်ထုတ်နေတဲ့ App တွေ ထွက်ပေါ်လာပါတယ်။ အဲဒီအတွက် Google က သူ့ရဲ့ App Store မှာ ဗိုင်းရက်စ် သတင်းအမှားတွေ ပေးနေတဲ့ App တွေကို တားဆီးနေပါတယ်။ Google က Search Box မှာ Coronavirus လို့ ရိုက်ရှာရင် Result မှာ ဘာမှ မပြသပေးတော့ပါဘူး။

ဒါ့အပြင် Google က Play Store မှာ ဗိုင်းရက်စ် သတင်းအမှန်တွေနဲ့ ကာကွယ်နည်းတွေကို မှန်မှန်ကန်ကန် ဖော်ပြနေတဲ့ တရားဝင် ကျန်းမာရေး အဖွဲ့အစည်းတွေရဲ့ App တွေကို ရွေးချယ်ပြသပေးတဲ့ Section ၁ ခုကို ထည့်သွင်းပေးလိုက်ပါတယ်။ Google Play Store Website နဲ့ App မှာ အဲဒီ Section ကို မြန်မြန်သွားနိုင်မယ့် Banner တွေကို ဖော်ပြပေးထားပါတယ်။

အဲဒီ Section ဟာ နိုင်ငံတွေပေါ်မူတည်ပြီး ပြသထားတဲ့ App တွေ ကွဲပြားတယ်လို့ Android Police က ပြောပါတယ်။ တချို့ နိုင်ငံတွေက ကိုရိုနာဗိုင်းရက်စ်အတွက် သူတို့ ကိုယ်ပိုင် App တွေကို Play Store မှာ တင်ထားပြီး အဲဒီ နိုင်ငံက လူ‌တွေပဲ မြင်ရမှာ ဖြစ်ပါတယ်။ Google က အဲဒီ Section ကို တစ်ကမ္ဘာလုံးအတွက် ဖြည်းဖြည်းချင်း ဖြန့်ချိပေးနေတဲ့အတွက် သင့် နိုင်ငံမှာ မရသေးရင် အချိန်စောင့်ဆိုင်းရမှာပါ။

Ref : tnw