Counterpoint Research က ကွာတား ၃ ဖြစ်တဲ့ ဇူလိုင်လကနေ စက်တင်ဘာလအတွင်း အမေရိကန်ရဲ့ စမတ်ဖုန်း ရောင်းအား စစ်တမ်းကို ထုတ်ပြန်လိုက်ပါတယ်။ အမေရိကန်မှာ ရောင်းချတဲ့ စမတ်ဖုန်း Brand တွေများစွာ ရှိပေမယ့် Apple နဲ့ Samsung တို့ကို လူကြိုက်အများဆုံး ဖြစ်ကြတာတွေ့ရပါတယ်။ ကမ္ဘာအဝန်းမှာ စမတ်ဖုန်း အစိတ်အပိုင်းတွေ ပြတ်တောက်နေပေမယ့် အမေရိကန်ရဲ့ ကွာတား ၃ စမတ်ဖုန်း ရောင်းအားဟာ အရင်နှစ်ကထက် ၁ ရာခိုင်နှုန်းတိုးတက်လာပါတယ်။
အမေရိကန်မှာ ကွာတား ၃ အတွင်း Apple ဟာ စမတ်ဖုန် ဈေးကွက်ရဲ့ ၄၂ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး ဖုန်း ရောင်းအား အကောင်းဆုံး နံပါတ် ၁ နေရာကို သိမ်းပိုက်ထားပါတယ်။ Samsung က ၃၅ ရာခိုင်နှုန်းနဲ့ နံပါတ် ၂ ၊ Motorola က ၈ ရာခိုင်နှုန်းနဲ့ နံပါတ် ၃ နေရာတွေကို ရရှိထားပါတယ်။ ၅ ရာခိုင်နှုန်းနဲ့ နံပါတ် ၄ နေရာကို ရထားတာက TCL ဖြစ်ပြီး OnePlus က ၃ ရာခိုင်နှုန်း ရထားပါတယ်။
ဖုန်း အစိတ်အပိုင်းတွေ ပြတ်တောက်နေပေမယ့် စက်တင်ဘာလက ရောင်းချခဲ့တဲ့ iPhone 13 ဟာ ကွာတား ၃ စုစုပေါင်း ရောင်းအားရဲ့ ၁၇ ရာခိုင်နှုန်းကိုတောင် ပိုင်ဆိုင်ထားပါတယ်။ နောက်ပိုင်းလည်း ဆက်လက် ရောင်းအားကောင်းနေနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။
Samsung ရောင်းအား ကောင်းနေတာက Foldable ဖုန်း အသစ် ၂ လုံးနဲ့ တန်ဖိုးနည်း 5G စမတ်ဖုန်း ဖြစ်တဲ့ Galaxy A32 5G ကြောင့် ဖြစ်ပါတယ်။ လေ့လာဆန်းစစ်သူတွေက BLU, HMD နဲ့ Wiko တို့လို Brand အသေးစားတွေဟာ စွမ်းဆောင်ရည်နိမ့် ဖုန်းဈေးကွက်မှာ ရောင်းအား ကောင်းနေပေမယ့် Apple နဲ့ Samsung တို့ကို မယှဉ်နိုင်ပါဘူး။ ရောင်းချရတဲ့ ဖုန်း ၁၀ လုံးမှာ ၈ လုံးဟာ အဲဒီ ကုမ္ပဏီ ၂ ခုထဲက ၁ ခုဆီက ဖုန်းတွေ ဖြစ်ပါတယ်။
Ref : gsmarena