Counterpoint Research က ကွာတား ၃ ဖြစ်တဲ့ ဇူလိုင်လကနေ စက်တင်ဘာလအတွင်း အိန္ဒိယစမတ်ဖုန်းဈေးကွက်ရဲ့ ရောင်းအားကို ထုတ်ပြန်လိုက်ပါတယ်။ တစ်ကမ္ဘာလုံးမှာ စီးပွားရေး ကျဆင်းနေတဲ့အတွက် အိန္ဒိယရဲ့ ကွာတား ၃ စမတ်ဖုန်း ရောင်းအား ကျဆင်းခဲ့တာဖြစ်ပါတယ်။
ကွာတား ၃ မှာ Xiaomi က ဈေးကွက်ဝေစု ၂၁ ရာခိုင်နှုန်းနဲ့ နံပါတ် ၁ ရောင်းအား အကောင်းဆုံး ဖြစ်ခဲ့ပြီး Samsung က နံပါတ် ၂ နေရာကို ၁၉ ရာခိုင်နှုန်းနဲ့ ရထားပါတယ်။ Apple က ၅ ရာခိုင်နှုန်း ရထားပြီး iPhone 13 ဟာ ရောင်းအား အကောင်းဆုံး မော်ဒယ် ဖြစ်ခဲ့ပါတယ်။
Counterpoint ရဲ့ အကြီးတန်း သုတေသနပညာရှင် Prachir Singh က ကွာတား ၃ မှာ စွမ်းရည်နိမ့် တန်ဖိုးနည်း စမတ်ဖုန်းတွေ ရောင်းအား ထိခိုက်ခဲ့ပြီး ကမ္ဘာ့ စီးပွားရေး ကျဆင်းမှုဟာ ကွာတား ၄ ဖြစ်တဲ့ အောက်တိုဘာလ ကနေ ဒီဇင်ဘာလအတွင်းမှာလည်း ဆက်လက်ဖြစ်ပွားနေဦးမယ်လို့ ပြောပါတယ်။
စစ်တမ်းအရ စမတ်ဖုန်း အားလုံးရဲ့ ၃၂ ရာခိုင်နှုန်းဟာ 5G ဖုန်းတွေ ဖြစ်ပြီး အိန္ဒိယဟာ 5G ဝန်ဆောင်မှုကို စတင်နေပြီ ဖြစ်တဲ့အတွက် 5G ဖုန်း ရောင်းအား ဒီထက် ပိုကောင်းလာမှာ ဖြစ်ပါတယ်။ Featurephone ရောင်းအားဟာ ၂၄ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။ Counterpoint က ကမ္ဘာ့ စီးပွားရေး ကျဆင်းမှုဟာ ဝင်ငွေနည်း မိသားစုတွေကို ထိခိုက်စေခဲ့တဲ့အတွက် အခုလို တန်ဖိုးနည်း ဖုန်းတွေ ရောင်းအားကျသွားတာလို့ သုံးသပ်ပါတယ်။
Ref : gsmarena