“Cryptocurrency တွေမှာ ပင်ကိုယ်တန်ဖိုးမရှိတာကြောင့် ဒါတွေအပေါ်ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ သူတို့ရဲ့ငွေတွေအဆုံးရှုံးခံဖို့ ပြင်ဆင်ထားသင့်တယ်” လို့ Bank of England ရဲ့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ Andrew Bailey က သတင်းစာရှင်းလင်းပွဲမှာ အနာဂတ်ငွေကြေးနဲ့ပတ်သက်ပြီး အခုလိုမှတ်ချက်ပေးသွားတာလည်း ဖြစ်ပါတယ်။

“သူတို့တွေမှာ ပင်ကိုယ်တန်ဖိုးမရှိကြဘူး။ ဒီလိုပြောတာက လူတွေက အဲဒီငွေကြေးအပေါ် တန်ဖိုးမသတ်မှတ်ကြဘူးဆိုတဲ့ အဓိပ္ပါယ်မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့မှာ (နဂိုရှိရင်းမဟုတ်တဲ့) ပြင်ပတန်ဖိုး  ရှိနေနိုင်လို့ပါပဲ။ ဒါပေမဲ့ သူတို့မှာ ပင်ကိုယ်တန်ဖိုးတော့ မရှိကြပါဘူး” လို့ Bailey က ဆိုပါတယ်။

“ကျွန်တော် ပွင့်ပွင့်လင်းလင်းနဲ့ တဲ့တိုးပဲ ထပ်ပြောပါမယ်” “ခင်ဗျားရဲ့ ပိုက်ဆံတွေအားလုံးကို အဆုံးရှုံးခံဖို့ ပြင်ဆင်ထားတယ်ဆိုတော့မှပဲ သူတို့ကိုဝယ်ပါ” လို့ Bailey က ဆက်ပြောပါသေးတယ်။ Dogecoin က Bitcoin ထက် အဆတစ်ရာနီးပါး မြန်မြန်ဆန်ဆန် အောင်မြင်လာသလို၊ အခြား Cryptocurrency ဖြစ်တဲ့ Etherium က တန်ဖိုးအမြင့်ဆုံး ဖြစ်သွားပြီးတဲ့နောက်မှာ Bank of England ရဲ့ Governor Bailey က အခုလိုပြောခဲ့တာပဲ ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် Cryptocurrencies တွေကို လူတွေကြားလက်ခံလာအောင် ကူညီမြှင့်တင်ပေးနေသူတွေထဲမှာ SpaceX နဲ့ Tesla CEO Elon Musk လို လူမျိုးလည်း ပါဝင်နေပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း လွတ်လပ်စွာနဲ့ လဲလှယ်နိုင်တဲ့ ဒီငွေကြေးစနစ်အတွက် အုပ်ချုပ်ရေးပိုင်းခေါင်းဆောင်တွေကြား ခေါင်းခဲနေကြတာကိုလည်း တွေ့နိုင်ပါတယ်။

Bailey က အခုလိုပြောလိုက်တယ်ဆိုပေမဲ့ အင်္ဂလန်ဘဏ်ကတော့ Cryptocurrencies တွေကို လုံးလုံးလျားလျား ငြင်းပယ်တဲ့ပုံစံမျိုးမပြသပါဘူး။ အကြောင်းက “Britcoin” လို့ လူသိများတဲ့ ဗဟိုဒစ်ဂျစ်တယ်ငွေကြေးရဲ့ အကျိုးကျေးဇူးတွေကို အကဲဖြတ်ဖို့ လုပ်ဆောင်နေတာကြောင့်ပါပဲ။ ဆယ်စုနှစ်တစ်ခုလွန်သွားပြီးတဲ့နောက်မှာ နိုင်ငံတွင်းငွေပေးခြေမှု ၁၀ ခုမှာ ၁ ခုကသာ သမားရိုးကျ ငွေစက္ကူ၊ ဒါမှမဟုတ် ငွေအကြွေစေ့နဲ့ ပေးချေတော့မယ်လို့ မျှော်လင့်ရပါတယ်။

“ကျွန်တော်တို့ရဲ့ မျှော်မှန်းချက်က ပိုပြီးပွင့်လင်း၊ စိမ်းလန်း၊ ပိုပြီးနည်းပညာအဆင့်မြင့်တဲ့ဘဏ္ဍာရေးဝန်ဆောင်မှု အခန်းကဏ္ဍအတွက်ဖြစ်တယ်” လို့ Chancellor Rishi Sunak က ပြောပါတယ်။ “ကျွန်တော်တို့အနေနဲ့ နည်းပညာရဲ့ အံ့မခန်းအလာအလာကောင်းကို ဖမ်းဆုပ်နိုင်မယ်ဆိုရင် ဗြိတိန်ရဲ့နေရာဟာ ကမ္ဘာ့ဘဏ္ဍာရေးရဲ့အချက်အချာကျတဲ့နေရာမှာ ဖြစ်လာပါလိမ့်မယ်” လို့လည်း ဆိုပါတယ်။

Ref: finance.yahoo