အမေရိကန် ပြည်နယ်များစွာက ကလေးတွေရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်စေပြီး လုံခြုံရေးနဲ့ ပတ်သက်ကာ လူတွေကို လှည့်စားထားတယ်လို့ Facebook နဲ့ Instagram ပိုင်ရှင် Meta ကို စွပ်စွဲလိုက်ပါတယ်။
“ Meta ဟာ ငွေကြေး အကျိုးအမြတ်ရဖို့ သူ့ လူမှုကွန်ရက် ပလက်ဖောင်းတွေရဲ့ အန္တရာယ်တွေနဲ့ ပတ်သက်ကာ အများပြည်သူကို လှည့်စားထားပါတယ်။”လို့ ကယ်လီဖိုးနီးယားက ပြည်နယ် တရားရုံးမှာ တရားစွဲထားပါတယ်။
စုစုပေါင်း ပြည်နယ် ၄၀ က Meta ကို တရားစွဲထားပြီး တချို့ပြည်နယ်တွေကတော့ ပြည်နယ်တရားရုံးအစား ဒေသတွင်း တရားရုံးတွေမှာပဲ တရားစွဲထားပါတယ်။ Meta ဟာ သူ့ရဲ့ လူမှုကွန်ရက်တွေမှာ လူငယ်တွေ အချိန်ပိုသုံးအောင် စွဲဆောင်ထားပြီး လူငယ်တွေရဲ့ ကျန်းမာရေး ထိခိုက်စေတာကို သတိမပေးထားဘူးလို့ တိုင်ကြားထားပါတယ်။
“ ကလေးနဲ့ ဆယ်ကျော်သက်တွေရဲ့ စိတ်ကျန်းမာရေး ထိခိုက်မှုဟာ စံချိန်တင် မြင့်တက်နေပြီး Meta လို လူမှုကွန်ရက် ကုမ္ပဏီတွေကို အပြစ်တင်ရမှာပါ။ Meta ဟာ ကလေးတွေ ထိခိုက်မှု ကနေ အကျိုးအမြတ်ရနေပါတယ်။ ကလေးတွေ စွဲလမ်းစေတဲ့ လုပ်ဆောင်ချက်တွေကို Meta ရဲ့ ပလက်ဖောင်းတွေမှာ ထည့်သွင်းထားပါတယ်။ “ လို့ နယူးယောက် ရှေ့နေ Letitia James က ပြောပါတယ်။
Meta က “ ဒီလို တရားစွဲတာ စိတ်ပျက်စရာပါ။ ပြည်နယ်တွေဟာ အသက်အရွယ်နဲ့ သင့်တော်တဲ့ စံနှုန်းတွေကို ဖန်တီးဖို့ လူမှုကွန်ရက် ကုမ္ပဏီတွေနဲ့ ပူးပေါင်းလုပ်ဆောင်ခြင်း မရှိပါဘူး။ Meta ဟာ လူငယ်တွေကို ထောက်ပံ့ပေးတဲ့ Tools ၃၀ ကျော်ကို Apps တွေမှာ ထည့်သွင်းပေးထားပါတယ်။ မိဘတွေက ကလေးတွေရဲ့ အသုံးပြုမှုကို ထိန်းချုပ်လို့ လွယ်ကူအောင် ပြုလုပ်ပေးထားပါတယ်။ “ လို့ တုန့်ပြန်ပါတယ်။
Ref : bangkokpost