၂၀၁၉ ခုနှစ်မှာ ပရိသတ်အခိုင်အမာရယူနိုင်ခဲ့တဲ့ Battle Royale ဂိမ်းအသစ် Apex Legends ဟာ ၂၀၂၀ ခုနှစ်အတွင်းမှာတော့ မိုဘိုင်းပလက်ဖောင်းပေါ်ကို ချဲ့ထွင်လာတော့မှာဖြစ်ပါတယ်။ ဒီဂိမ်းရဲ့ပိုင်ရှင်ဖြစ်တဲ့ Electronic Arts (EA) ဂိမ်းကုမ္ပဏီကြီးက မိုဘိုင်းဗားရှင်းအတွက် တရုတ်အခြေစိုက် စတူဒီယိုတစ်ခုနဲ့ ပူးပေါင်းထုတ်လုပ်သွားဖို့ အတည်ပြုလာခဲ့ပါတယ်။
Apex Legends ဟာ ၂၀၁၉ ခုနှစ်အတွင်းမှာ Respawn Entertainment မှထုတ်လုပ်ကာ EA ကနေ ဖြန့်ချိခဲ့တဲ့ Battle Royale ဂိမ်းဖြစ်ပြီး အခြား BR ဂိမ်းတွေနဲ့မတူတာက သိပ္ပံနယ်လွန် Sci-fi Theme ကို အခြေခံထားပြီး ကစားသူတွေဟာ မတူညီတဲ့ ကိုယ်ပိုင် Ability တွေ အသီးသီးရှိတဲ့ ကာရိုက်တာတွေကို ရွေးချယ်ကိုင်တွယ်ကစားရတာ ဖြစ်ပါတယ်။
ဒီဂိမ်းဟာ ကွန်ပြူတာနဲ့ ကွန်ဆိုးဂိမ်းစက်တွေမှာ စတင်ထွက်ရှိခဲ့ပြီး အလွန်လူကြိုက်များခဲ့တာကြောင့် Esports ပြိုင်ပွဲတွေတောင် ကျင်းပနေခဲ့ပါပြီ။ သူတို့အတွက် နောက်ခြေလှမ်းကတော့ လက်ရှိ အတိုးတက်ဆုံးဈေးကွက်တစ်ခုဖြစ်တဲ့ မိုဘိုင်းပလက်ဖောင်းပေါ်ကို ဖြန့်ကျက်ဖို့ပါပဲ။
သူ့လိုပဲ Battle Royale Shooter ဂိမ်းတွေဖြစ်တဲ့ PUBG, Call of Duty, Fortnite, Garena Free Fire တို့ဟာလည်း မိုဘိုင်းပလက်ဖောင်းပေါ်ကို ခြေချခဲ့ကြပြီးဖြစ်သလို အောင်မြင်မှုတွေလည်း အသီးသီးရရှိထားနှင့်ပါပြီ။ Apex Legends ရဲ့အားသာချက်က အမျိုးအစားတူပေမယ့် Gameplay အကြီးအကျယ်ကွာခြားတာဖြစ်ပြီး Console အဆင့် ကွာလတီဂိမ်းကြီးတစ်ခုလည်း ဖြစ်တာပါပဲ။
EA ရဲ့ ဘဏ္ဍာရေးမှူးချုပ် Blake Jorgensen ကတော့ တရုတ်ဈေးကွက်အတွင်းမှာ မိုဘိုင်းဂိမ်းတစ်ခုကို မိတ်ဆက်မယ်ဆိုရင် ဒေသခံပါတနာတစ်ယောက်ရှိဖို့လိုအပ်ပြီး ဒီအခွင့်အရေးအတွက် စိတ်လှုပ်ရှားလျက်ရှိနေတယ်လို့ ဆိုခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ ၂၀၁၈ ခုနှစ်က စပြီး ဗီဒီယိုဂိမ်းထုတ်လုပ်မှုအပေါ် တင်းကြပ်တဲ့ စည်းကမ်းတွေ ထုတ်လုပ်လာခဲ့လို့ PUBG အပါအဝင် ဂိမ်းအချို့ဟာ ၎င်းဈေးကွက်ထဲ ဆက်လက်တည်ရှိနိုင်ရန် ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ကြရပါတယ်။
Ref – AFK Gaming