တရုတ်နိုင်ငံ၊ Guangzhou မှာ အခြေစိုက်တဲ့ eHang က သူ့ရဲ့ ကိုယ်တိုင်မောင်းနှင်နိုင်တဲ့ VT35 eVTOL ကို ထုတ်ဖော်ပြသပြီး လေကြောင်းတက္ကစီလောကကို စိန်ခေါ်လိုက်ပါတယ်။ အကွာအဝေးရှည် ပျံသန်းနိုင်တဲ့ အဲဒီလေယာဉ်ကို တရုတ်နိုင်ငံ၊ Hefei မှာ တရားဝင်မိတ်ဆက်ပွဲမတိုင်ခင်မှာ ကောင်းကင်ပေါ် ပျံတက်ပြသခဲ့ပါတယ်။

VT35 ရဲ့ အတွင်းခန်းမှာ ထုံးစံအတိုင်း ထိန်းချုပ်ခလုတ်တွေနဲ့ပြည့်နေတဲ့ လေယာဉ်မှူးအခန်းအစား ခမ်းနားတဲ့ထိုင်ခုံတွေကို ထားရှိပြီး လေယာဉ်ပေါ်တက်ဖို့ လှိမ့်တက်လို့ရတဲ့ လှေကားတွေမလိုဘဲ ဝင်ထွက်နိုင်တဲ့ တံခါးတွေ ပါဝင်ပါတယ်။ ခရီးသည်တွေကို သူတို့ရဲ့ ပျံသန်းမယ့်လမ်းကြောင်း၊ ခရီးစဉ်အသေးစိတ်၊ အပူချိန်ထိန်းချုပ်မှု နဲ့ လေယာဉ်ပေါ်က ဖျော်ဖြေရေးအစီအစဉ်တွေကို ပြသပေးမယ့် ကြီးမားတဲ့ display တစ်ခုက ကြိုဆိုနေမှာ ဖြစ်ပါတယ်။

အဲဒီလေယာဉ်မှာ ဒေါင်လိုက်ပျံတက်ဖို့ ပန်ကာ ၈ ခု နဲ့ ရှေ့ကိုသွားဖို့ ပန်ကာ ၁ ခု ပါဝင်ပြီး ဘက်ထရီအားအပြည့်သွင်းထားရင် မိုင် ၁၂၅ (ကီလိုမီတာ ၂၀၀) အကွာအဝေးအထိ မိနစ် ၆၀ ကြာ ပျံသန်းနိုင်ပါတယ်။

သူ့ရဲ့ အလျားက ၂၇ ပေ (၈.၂၆ မီတာ) နဲ့ တောင်ပံအကျယ် ၂၆.၇ ပေ (၈.၁၆ မီတာ) ရှိပြီး ပေါင် ၄၄၀ (ကီလိုဂရမ် ၂၀၀) ဝန်ကို သယ်ဆောင်ပြီး တစ်နာရီ ၁၃၄ မိုင် (၂၁၆ ကီလိုမီတာ) နှုန်းနဲ့ ပျံသန်းဖို့ ရည်ရွယ်ထားပါတယ်။

eHang က အသေးစိတ်အချက်အလက်တွေကို ထပ်မံထုတ်ပြန်ခြင်း မရှိသေးပေမယ့် VT35 အတွက် သူ့ရဲ့ ရည်မှန်းချက်တွေမှာ မြို့အချင်းချင်းဆက်သွယ်ပျံသန်းရေး ပါဝင်ပုံရပါတယ်။ သူ့ရဲ့ website မှာ Guangdong-Hong Kong-Macao Greater Bay Area ထဲက မြို့တော်တော်များများကို တစ်ခုနဲ့တစ်ခု ဆက်သွယ်ထားတဲ့ ပုံတစ်ပုံက အဲဒါကို အရိပ်အမြွက်ပြသနေပါတယ်။

လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း ရန်ပုံငွေ ဘီလီယံနဲ့ချီ ရရှိထားတဲ့ Joby နဲ့ Archer တို့လို ကုမ္ပဏီတွေကို ကျော်တက်ပြီး eHang သာ အမြန်လှုပ်ရှားနိုင်မယ်ဆိုရင် လျှပ်စစ်နဲ့ ဒေါင်လိုက်အတက်အဆင်းလုပ်တဲ့ (eVTOL) စီးပွားဖြစ်ပျံသန်းမှုကို ဦးဆောင်သူဖြစ်လာနိုင်ပါတယ်။

Ref : newsatlas