လက်ရှိ ဝယ်ယူရရှိနိုင်တဲ့ ချစ်ပ်တွေဟာ သူ့ကုမ္ပဏီတွေ တကယ်လိုအပ်တဲ့ ပမာဏရဲ့ ၂ ရာခိုင်နှုန်းကိုသာ ဖြည့်ဆည်းပေးနိုင်တယ်လို့ Elon Musk က ပြောပါတယ်။ ဒါကြောင့် တခြားသူတွေကို စောင့်မနေတော့ဘဲ Tesla နဲ့ SpaceX တို့ ပူးပေါင်းပြီး Austin မြို့၊ Travis County အရှေ့ပိုင်းမှာရှိတဲ့ Tesla နယ်မြေမှာ TeraFab လို့ခေါ်တဲ့ ချစ်ပ်စက်ရုံတစ်ခု တည်ဆောက်သွားမယ်လို့ စနေနေ့ညက ကြေညာခဲ့ပါတယ်။

Terafab live stream image

အဲဒီ TeraFab စက်ရုံရဲ့ ထူးခြားချက်ကတော့ ချစ်ပ်ထုတ်လုပ်တဲ့ လုပ်ငန်းစဉ် အစအဆုံးကို အဆောက်အအုံ တစ်ခုတည်းအောက်မှာ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒီလိုစနစ်မျိုး လောလောဆယ် ကမ္ဘာပေါ်မှာ ဘယ်မှာမှ မရှိသေးဘူးလို့ Elon Musk က ဆိုပါတယ်။ ဒီလိုလုပ်ဆောင်တာကြောင့် ချစ်ပ်တစ်ခုကို ထုတ်လုပ်၊ စမ်းသပ်၊ ဒီဇိုင်းပြင်ဆင်တာတွေကို လျင်လျင်မြန်မြန် လုပ်ဆောင်နိုင်မှာဖြစ်ပြီး ကမ္ဘာပေါ်က တခြားစက်ရုံတွေထက် အဆပေါင်းများစွာ ပိုကောင်းလာနိုင်ပါတယ်။

ဒီစက်ရုံကနေ ချစ်ပ်အမျိုးအစား နှစ်မျိုးကို အဓိက ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ ပထမတစ်မျိုးကတော့ Tesla ကားတွေနဲ့ Optimus စက်ရုပ်တွေအတွက် ရည်ရွယ်ထုတ်လုပ်မှာဖြစ်ပြီး ဒုတိယတစ်မျိုးကတော့ အာကာသထဲက ဓာတ်ရောင်ခြည်နဲ့ စွမ်းအင်မြင့် အိုင်းယွန်းတွေကို ခံနိုင်ရည်ရှိမယ့် ချစ်ပ်တွေ ဖြစ်ပါတယ်။ ကိုယ်တိုင်ထုတ်လုပ်မှာ ဖြစ်ပေမယ့် TSMC၊ Samsung နဲ့ Micron တို့ဆီကနေလည်း ချစ်ပ်တွေကို ဆက်လက်ဝယ်ယူသွားဦးမယ်လို့ သူက အတည်ပြုခဲ့ပါတယ်။

ချစ်ပ် ရူပဗေဒရဲ့ ကန့်သတ်ချက်တွေကို ကျော်လွန်ပြီး ပုံမှန်မဟုတ်တဲ့ ဒီဇိုင်းတွေကို အမြန်ဆုံး စမ်းသပ်ထုတ်လုပ်မယ့် အကြံဉာဏ်က စိတ်လှုပ်ရှားစရာ ကောင်းပေမယ့် TeraFab ကနေ ချစ်ပ်တွေ ဘယ်တော့ စတင်ထုတ်လုပ်မယ်ဆိုတဲ့ အချိန်ဇယားကိုတော့ ပြောကြားခဲ့ခြင်း မရှိပါဘူး။

Ref : digitaltrends