Elon Musk ဟာ Podcaster Lex Fridman နဲ့ အင်တာဗျူး ၁ ခုကို လက်ခံဖြေကြားပေးခဲ့ပြီး SpaceX ဟာ အင်္ဂါဂြိုလ်ကို ဘယ်အချိန် လူသားတွေ ပို့ဆောင်ပေးနိုင်မလဲလို့ မေးတဲ့အခါ အစောဆုံး အနေနဲ့ ၅ နှစ် နောက်အကျဆုံး အနေနဲ့ ၁၀ နှစ်အတွင်း ပို့ဆောင်ပေးနိုင်မယ်လို့ ဖြေကြားခဲ့ပါတယ်။
သူက “ အခု ခန့်မှန်းမှုဟာ ဒုံးပျံ Engineering နည်းပညာ အပေါ်မူတည်ပါတယ်။ အဲဒါဟာ ဒုံးပျံကို မောင်းနှင်တဲ့ အခြေခံ Engineering ဖြစ်ပါတယ်။ Starship ဟာ ဖန်တီးခဲ့ဖူးသမျှ ဒုံးပျံတွေထဲမှာ အဆင့်အမြင့်ဆုံးနဲ့ အရှုပ်ထွေးဆုံး ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။
Starship ဟာ လူသားတွေနဲ့ ကုန်ပစ္စည်းတွေကို ကမ္ဘာပတ်လမ်းကြောင်း၊ လနဲ့ အင်္ဂါဂြိုလ်တွေကို ပို့ဆောင်ပေးနိုင်တယ်လို့ SpaceX ရဲ့ Website မှာ ရေးသားထားပါတယ်။ ကမ္ဘာ့ စွမ်းရည်အမြင့်ဆုံး ဒုံးပျံ ဖြစ်ပြီး ကမ္ဘာပတ်လမ်းကြောင်းထဲကို ၁၀၀ မက်ထရစ် တန် အလေးချိန်ကို သယ်ဆောင်ပေးနိုင်ပါတယ်။
Musk ဟာ အင်္ဂါဂြိုလ်ကို လူသားတွေ ပို့ဆောင်ပေးမယ့် အချိန်နဲ့ ပတ်သက်ပြီး အရင်ကလည်း ပြောခဲ့ဖူးပါတယ်။ ဒီနှစ် ဖေဖော်ဝါရီလတုန်းက အင်တာဗျူး ၁ ခုမှာ ၅ နှစ်ခွဲလောက်အတွင်း ပို့ဆောင်ပေးမယ်လို့ ပြောခဲ့ပါတယ်။ မတ်လတုန်းက တွစ်တာမှာ ၂၀၃၀ ခုနှစ် မတိုင်ခင် အရောက်သွားနိုင်မယ်လို့ ရေးသားခဲ့ပါသေးတယ်။ ဒီလ အစောပိုင်းက Time နဲ့ အင်တာဗျူးမှာ ၅ နှစ်အတွင်း အင်္ဂါဂြိုလ်ကို ရောက်နိုင်မယ်ဆိုတာ ယုံကြည်ကြောင်း ပြောခဲ့ပါသေးတယ်။
Ref : gizchina