Elon Musk ဟာ တွစ်တာကို ဝယ်ယူပြီးနောက် ဝန်ထမ်းများစွာကို အလုပ်ထုတ်ခဲ့သလို တွစ်တာမှာ ပြောင်းလဲမှုများစွာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီအတွက် ဝေဖန်မှုများစွာနဲ့ ရင်ဆိုင်ခဲ့ရပြီး ပြီးခဲ့တဲ့လတွေအတွင်း ကြော်ငြာဝင်ငွေတွေ လျော့နည်းခဲ့ပါတယ်။

မကြာခင်ကပဲ Musk ဟာ တွစ်တာကို X လို့ အမည်ပြောင်းခဲ့ပါတယ်။ ဒီကြားထဲမှာ Meta က တွစ်တာ ခေါ် X ကို ယှဉ်ပြိုင်မယ့် Threads ကို ဇူလိုင်လ ၅ ရက်နေ့က ဖြန့်ချိပေးလိုက်တဲ့အတွက် X သုံးစွဲသူတွေ ကျဆင်းသွားမယ်လို့ထင်ခဲ့ကြပါတယ်။

ဒါပေမယ့် အဲဒီ အထင်ဟာ မှားယွင်းသွားပါတယ်။ Elon Musk က X ကို လစဉ် သုံးစွဲသူ အရေအတွက်ဟာ သန်း ၅၄၀ ကျော်အထိ မြင့်မားနေတယ်လို့ ကြေညာလိုက်ပါတယ်။ Musk အတွက်တော့ ဒါဟာ ဝမ်းသာစရာ သတင်း ဖြစ်ပါတယ်။

Musk ဟာ တွစ်တာကို အရင်နှစ် အောက်တိုဘာလက ဒေါ်လာ ၄၄ ဘီလီယမ်နဲ့ ဝယ်ယူခဲ့ပြီးနောက် သူ့ ကုမ္ပဏီ X Corp နဲ့ ပေါင်းစပ်ခဲ့ပါတယ်။ Musk က တရုတ်ရဲ့ နာမည်ကြီး Messenger တစ်ခု ဖြစ်တဲ့ WeChat လို ဝန်ဆောင်မှုများစွာကို တစ်နေရာထဲမှာ အသုံးပြုနိုင်တဲ့ “Everything App” အဖြစ် တွစ်တာ ခေါ် X ကို ဖန်တီးချင်နေတာ ဖြစ်ပါတယ်။

Ref : gizmochina