Apple နဲ့ Ericsson တို့ဟာ မူပိုင်ခွင့်လိုင်စင်တွေနဲ့ပတ်သက်ပြီး နောက်တစ်ခါ ငြင်းခုံနေကြပြန်ပါပြီ။ ပြီးခဲ့တဲ့ တစ်ခေါက်တုန်းကလိုပါပဲ။ လိုင်စင်သက်တမ်းကုန်တာနဲ့ တရားရင်ဆိုင်တဲ့ကိစ္စက ချက်ချင်းဆိုသလို ဖြစ်လာတာပါပဲ။ လိုင်စင်သက်တမ်းတိုးဖို့ ကုမ္ပဏီနှစ်ခု ညှိနှိုင်းမရသေးတဲ့အတွက် တရားရုံးကိစ္စဖြစ်လာတာပါ။

Ericsson က ယူနစ်တစ်ခုအတွက် $5 နှုန်းတောင်းဆိုတာကို Apple က အလွန်အကျွံတောင်းတာလို့သတ်မှတ်ပြီး သဘောတူညီမှုမရသေးတာ ဖြစ်ပါတယ်။ ရလဒ်ကတော့ လွန်ခဲ့တဲ့သုံးလကတည်းက တက္ကဆက်ပြည်နယ် အရှေ့ပိုင်းခရိုင်တရားရုံးမှာ တရားစွဲဆိုမှုတစ်ခု စတင်ဖြစ်ပွားခဲ့ပါတယ်။ အခုအခါမှာတော့ Ericsson ဟာ ဂျာမဏီအပါအဝင် အခြားနိုင်ငံတွေမှာပါ ထပ်မံပြီးတရားစွဲဆိုထားတာလည်း ဖြစ်ပါတယ်။

Ericsson က Apple ကို တရားစွဲဆိုရာမှာ အသစ်နှစ်မှုပါဝင်ပါတယ်။ တစ်ခုက မူပိုင်ခွင့်လေးခုနဲ့ ပတ်သက်နေပြီး၊ နောက်တစ်ခုကတော့ မူပိုင်ခွင့် ရှစ်ခုအထိ ပါဝင်ပါတ်သက်နေပါတယ်။ FOSS Patents က Florian Mueller ကတော့ ပထမတရားစွဲဆိုမှုဟာ (တားမြစ်ထားတဲ့ စက်ပစ္စည်းတင်သွင်းမှုချိုးဖောက်ခြင်းအဖြစ်) US International Trade Commission ကို တိုင်ကြားထားတဲ့စာနဲ့တွဲပြီးတင်ထားတယ်လို့ ဆိုပါတယ်။ (လက်ရှိအချိန်မှာတော့ ဘာတွေလဲဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး)

ဒီတစ်ကြိမ် တရားရင်ဆိုင်မှုကတော့ 5G မူပိုင်ခွင့်တွေပေါ် အဓိကထားပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်က တိုက်ပွဲကတော့ LTE မူပိုင်ခွင့်နဲ့ပတ်သက်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကုန်ဆုံးချိန်မှာ သက်တမ်းလည်း ကုန်သွားပါပြီ။ ဒါပေမဲ့ Apple ဟာ Intel ရဲ့ Modem ဌာနခွဲကို ဝယ်ယူလိုက်ပြီးတဲ့နောက် 5G မူပိုင်ခွင့်ကိုလည်း ပိုင်ဆိုင်ထားပြီ ဖြစ်ပါတယ်။ ဒါကို တရားရေးဆိုင်ရာရင်ဆိုင်မှုတွေမှာ အားသာချက်အဖြစ် အသုံးချလာနိုင်ဖွယ်ရှိပါတယ်။

တစ်ဖက်မှာလည်း Ericsson ဟာ မကြာသေးခင်ကမှ Samsung ကို 5G နဲ့ပတ်သက်ပြီးတရားစွဲဆိုမှုကို အနိုင်ရခဲ့တာကြောင့် သူ့ရဲ့အနေအထားကလည်း ခိုင်မာနေတယ်လို့ Mueller က ယုံကြည်နေပါတယ်။ စိတ်ဝင်စားစရာကောင်းတာကတော့ Apple နဲ့ Ericsson တို့ရဲ့တိုက်ပွဲဟာ Epic Games နဲ့ တရားရေ:တိုက်ပွဲပေါ်မှာလည်း သက်ရောက်မှုရှိလာနိုင်တာ ဖြစ်ပါတယ်။

Ref: GSM Arena