Mobile World Congress 2020 မှာ ဝင်ရောက်ပြသမယ့် နည်းပညာကုမ္ပဏီကြီးတွေထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ Ericsson ဟာ သူတို့ရဲ့အစီအစဉ်ကို ပယ်ဖျက်လိုက်ပြီလို့သိရပါတယ်။ ပြပွဲမှာ ဝင်ရောက်ပြသဖို့ ပြင်ဆင်ထားပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် အခုလိုမျိုး နုတ်ထွက်ခဲ့ရတယ်လို့ Ericsson က ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါပျံ့ပွားမှုဟာ တယ်လီကွန်နဲ့ စမတ်ဖုန်းထုတ်လုပ်ရေးလုပ်ငန်းတွေအတွက် အကြီးမားဆုံးပြပွဲကြီးတစ်ခုလို့ဆိုရမယ့် MWC 2020 ရဲ့ အစီအစဉ်တွေကို ထိခိုက်ပျက်စီးစေတဲ့ အဓိကထိုးနှက်မှု တစ်ခုလည်း ဖြစ်လာပါပြီ။ ပြပွဲကိုဝင်ရောက်ပူးပေါင်းခြင်းမရှိဘဲ နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တာ Ericsson က ပထမဦးဆုံးတော့မဟုတ်ပါဘူး။

ပြီးခဲ့တဲ့ရက်အနည်းငယ်ကလည်း LG နဲ့ ZTE တို့ကလည်း ဒီနှစ်ရဲ့ Mobile World Congress မှာ ပူးပေါင်းပါဝင်တော့မှာမဟုတ်ဘူးလို့ ထုတ်ပြန်ကြေညာခဲ့ပါသေးတယ်။ Ericsson ကတော့ ကုမ္ပဏီအနေနဲ့ အတွင်းကျကျအကဲဖြတ်မှုတွေပြုလုပ်ခဲ့ပြီးမှ ဆုံးဖြတ်ချက်ချခဲ့ရတာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် Ericsson ဟာ ကိုရိုနာဗိုင်းရပ်စ်ကို တားဆီးနိုင်မှုအခြေအနေနဲ့ပတ်သက်ပြီး ဖွံ့ဖြိုးတိုးတက်မှုကို အနီးကပ်စောင့်ကြည့်နေကြောင်း၊ သက်ဆိုင်ရာအာဏာပိုင်များနဲ့ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ အကြံပြုချက်ကိုလည်း လိုက်နာခဲ့ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

Ericsson ဟာ MWC 2020 မှာ ကုမ္ပဏီရဲ့ ပုံရိပ်နဲ့ တီထွင်ဆန်းသစ်မှုတွေကို ပြသဖို့စီစဉ်ထားပြီး “Ericsson Unboxed” လို့ အမည်ပေးထားတာလည်း ဖြစ်ပါတယ်။ GSM Association ကလည်း Ericsson ရဲ့ ဆုံးဖြတ်ချက်ကိုလေးစားကြောင်းပြောဆိုခဲ့တဲ့အပြ၊င် အသင်းအနေနဲ့ သင့်တော်တဲ့ပြောင်းလဲမှုတွေ ပြုလုပ်နိုင်ဖို့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုနဲ့ပတ်သက်တဲ့ အခြေအနေတွေကိုစောင့်ကြည့်နေကြောင်းလည်း ထုတ်ပြန်ခဲ့ပါတယ်။

Ref: Gizmochina