ဒီလထဲမှာ လူပြောသူပြောများနေကြတာကတော့ Samsung Galaxy S20 စီးရီးအကြောင်းပါပဲ။ အစဉ်အလာကောင်းခဲ့တဲ့ Galaxy S စီးရီးအတွက် မျိုးဆက်သစ်တွေကလည်း အထင်ကြီးစရာ အချက်အလက်တွေနဲ့ ထွက်လာခဲ့ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ Galaxy S20 စီးရီးမှာ Live Caption Feature ပါဝင်လာမယ်လို့ သတင်းထွက်ခဲ့ပြီးပါပြီ။ အရင်တုန်းကတော့ ဒီလုပ်ဆောင်ချက်ကို Pixel ဖုန်းတွေမှာပဲ ရခဲ့တာပါ။ အခုတော့ Samsung Galaxy S20 အားလုံးမှာ ရတော့မှာ ဖြစ်ပါတယ်။

ဘယ်လိုပဲပြောပြော Samsung ကတော့ စမတ်ဖုန်းလောကရဲ့ Trend ကို မျက်ခြေမပျက်ကြည့်နေပြီး နောက်ကျမကျန်ခဲ့အောင် ကြိုးစားနေတယ်လို့ ယုံကြည်ရပါတယ်။ ဥပမာအားဖြင့် ကင်မရာပိုင်းမှာ 108MP ကို ယူဆောင်လာပေးသလို Memory ပိုင်းမှာလည်း ခေတ်နဲ့အညီဖြစ်အောင် ထောက်ပံ့လာတာကို တွေ့ရမှာပါ။

Asus Zenfone 6 Edition 30, Xiaomi Black Shark 2 Pro, Redmi K20 Pro Premium Edition စတဲ့စမတ်ဖုန်းတွေဟာ 12GB of RAM ကိုယ်စီနဲ့ ဖြစ်ပါတယ်။ ဒါကြောင့် တောင်ကိုရီးယားအခြေစိုက် နည်းပညာကုမ္ပဏီကြီးကလည်း Galaxy S20 စီးရီးမှာ အနိမ့်ဆုံး 12GB of RAM ကိုပဲ သုံးပေးထားပါတော့တယ်။ Galaxy S20 Ultra 5G ဆိုရင် 16GB of RAM အထိ ထောက်ပံ့ပေးထားတာပါ။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်တုန်းက စမတ်ဖုန်းတစ်လုံးမှာ 4GB of RAM ဆိုရင်လုံလောက်ပြီလို့ ပြောခဲ့ကြဖူးပါတယ်။ ဒါပေမယ့် ဒီနေ့ခေတ်မှာတော့ 6GB of RAM ဆိုရင်တောင် နောက်ကျကျန်ခဲ့သယောင်ယောင် ဖြစ်နေပါပြီ။ Flagship အတော်များများက 8GB of RAM ဖြစ်နေကြပါပြီ။

စမတ်ဖုန်းတစ်လုံးရဲ့ စွမ်းဆောင်ရည်နဲ့ ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေဟာ RAM ပမာဏတစ်ခုတည်းပေါ်မှာ မူတည်တာမဟုတ်ပေမယ့် အခုအချိန်မှာတော့ သုံးစွဲသူတွေကတော့ များပြားတဲ့ မန်မိုရီပမာဏကို ကြိုက်နှစ်သက်ကြတာ အမှန်ပါပဲ။ ဒါကြောင့် မဝေးလှတဲ့အနာဂတ်မှာ Flagship တွေရဲ့ အနိမ့်ဆုံးမန်မိုရီဟာ 12GB ဆိုပြီး သတ်မှတ်လာကြမယ်လို့ ယူဆမိပါတယ်။

Ref: Android Police