Samsung ဟာ လာမယ့် ၂၀၂၂ ခုနှစ်မှာ မိတ်ဆက်သွားမယ့် Flagship ဖုန်းတွေအတွက် ကိုယ်ပိုင် Exynos 2200 Chipset ကို ထုတ်လုပ်သွားဦးမှာဖြစ်ပါတယ်။ အဆိုပါ Exynos 2200 Chipset ဟာ လာမယ့်နှစ်မှာ Galaxy S22 Series ဖုန်းတွေမထွက်ရှိခင် မိတ်ဆက်သွားမယ်လို့ ခန့်မှန်းရပါတယ်။

ဘာကြောင့်လဲဆိုရင် ပုံမှန်အားဖြင့် Samsung ဟာ အဆိုပါ Chipset အသစ်တွေကို ဖုန်းမမိတ်ဆက်ခင် တစ်လဝန်းကျင်လောက်ကြိုတင်မိတ်ဆက်တတ်တာကြောင့်ဖြစ်ပါတယ်။ Galaxy S22 Series ဖုန်းတွေဟာ လာမယ့် ဖေဖော်ဝါရီလမှာ မိတ်ဆက်သွားမှာဖြစ်တာကြောင့် Exynos 2200 Chipset ကို မကြာခင်မှာ တွေ့မြင်ရဖွယ်ရှိနေပါတယ်။

Samsung ကနေ နောက်ဆုံးပြောကြားချက်အရ ဂိမ်းဆော့ရတာကို ကြိုက်နှစ်သက်တဲ့သူတွေအတွက် လက်ဆောင်တစ်ခုကို ပေးသွားဖို့ စီစဥ်ထားတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါက Exynos 2200 Chipset ကို Gaming ပိုင်းအတွက် အထူးပြုလုပ်ထားတာဖြစ်နိုင်ခြေများနေပါတယ်။

လက်ရှိသိထားတဲ့သတင်းတွေအရတော့ Exynos 2200 Chipset ဟာ ပထမဆုံးအနေနဲ့ AMD Radeon GPU ကို အသုံးပြုပြီး မိတ်ဆက်လာမှာဖြစ်ပါတယ်။ ဒါပေမယ့် Samsung ရဲ့ အခုလိုမျိုး ထုတ်ဖော်ပြောကြားချက်ကြောင့် Gaming အတွက် သီးသန့် Version တစ်ခု သို့မဟုတ် Gaming Feature တွေပါ ထည့်သွင်းလာဖွယ်ရှိနေပါတယ်။

ဘာပဲဖြစ်ဖြစ် Exynos 2200 Chipset ဟာ 4nm FiNFET နည်းပညာကို အခြေခံပြီး ထုတ်လုပ်မှာဖြစ်တဲ့အပြင် AMD Radeon GPU ကြောင့် HDR Gaming ၊ Ray-Tracing နဲ့ Variable Rate Shading နည်းပညာတွေကိုပါ စမတ်ဖုန်းပေါ်မှာ ရရှိလာနိုင်စေမှာဖြစ်ပါတယ်။

Ref – GSM Arena