Samsung ဟာ Galaxy S21 စီးရီးကို ဇန်နဝါရီလ ၁၄ ရက်နေ့မှာ တရားဝင်ကြေညာမယ်လို့ မျှော်လင့်ရပါတယ်။ မိတ်ဆက်မယ့်ရက်ကို ကုမ္ပဏီကထုတ်ပြန်ခြင်းမရှိသေးပေမယ့် သူတို့ရဲ့တရားဝင် YouTube channel တွေမှာ Launch teaser video တွေကို အဆင်သင့် တင်ထားနှင့်ပြီဖြစ်ပါတယ်။

စာနယ်ဇင်းထုတ်ပြန်ကြေညာမှုအတွက် Render တွေလည်း ထွက်ပြီးသားဖြစ်သလို၊ ဒီဟန်းဆက်တွေရဲ့ Specification အချို့လည်း ပေါ်ထွက်နှင့်ပြီးသားဖြစ်ပါတယ်။ Vanilla Galaxy S21 ရဲ့ ဘက်ထရီသက်တမ်းဟာ ပိုပြီးတိုးတက်လာတယ်လို့ Tipster က ဆိုပါတယ်။

Samsung ရဲ့ Flagship စမတ်ဖုန်းစီးရီးတွေဖြစ်တဲ့ Galaxy S နဲ့ Galaxy Note တွေဟာ မတူညီတဲ့ Chipset အမျိုးအစားတွေနဲ့အတူ မတူညီတဲ့ဈေးကွက်တွေဆီ ပို့ဆောင်လေ့ရှိပါတယ်။ များသောအားဖြင့် အမေရိကန်နဲ့ တရုတ်ဈေးကွက်တွေကို Qualcomm Snapdragon Chipset နဲ့ ဟန်းဆက်တွေကိုပို့ဆောင်လေ့ရှိပြီး၊ ကျန်နိုင်ငံတကာဈေးကွက်တွေကိုတော့ Exynos chipset နဲ့ ပို့ဆောင်လေ့ရှိတာပါ။

နောက်ပိုင်းမျိုးကွဲတွေဟာ အပူလွန်ကဲတဲ့ပြဿနာ၊ ပါဝါသုံးစွဲမှုလျော့ကျစေပေမယ့် နှေးကွေးတဲ့ပြဿနာ၊ ဒီလိုမှမဟုတ်ရင် ဘက်ထရီအသုံးမခံတဲ့ပြဿနာ စတာတွေကို ကြုံတွေ့ရလေ့ရှိပါတယ်။ ဒီနှစ်ရဲ့ Galaxy S21 စီးရီးမှာလည်း Qualcomm Snapdragon 888 နဲ့ ကြိုတင်မကြေညာထားတဲ့ Exynos 2100 SoC တွေသုံးထားမယ်လို့ ဆိုပါတယ်။

Qualcomm chip ကတော့ အစောကတည်းက တရားဝင်ဖြစ်နေပြီး Mi 11 အပါအဝင် အခြား Flagship အချို့မှာလည်း အသုံးပြုနေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ကြေညာမယ်လို့မျှော်လင့်ရတဲ့ Exynos 2100 အကြောင်းကိုတော့ မသိရသေးပါဘူး။ တွစ်တာအသုံးပြုသူတစ်ဦးဖြစ်တဲ့ Anthony (@TheGalox_) ကတော့ Galaxy S21 မှာပါမယ့် Exynos 2100 ဟာ Galaxy S20 က Exynos 990 ထက် ၂၅ ကနေ ၃၅% အထိ ဘက်ထရီသက်တမ်းကို တိုးပေးနိုင်လိမ့်မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် Snapdragon 888 နဲ့ Galaxy S21 ဟာ Snapdragon 865 နဲ့ Galaxy S20 ထက် ဘက်ထရီသက်တမ်း ၁၅% ပိုကောင်းလာမယ်လို့လည်း ဆိုပါတယ်။ တစ်နည်းအားဖြင့် Galaxy S21 မျိုးကွဲနှစ်ခုလုံးဟာ 4,000mAh ဘထရီတွေအသုံးပြုထားပေမယ့်လည်း အရင်မျိုးဆက်တွေထက် ဘက်ထရီသက်တမ်းပိုကောင်းမယ်လို့ ဆိုရမှာဖြစ်ပါတယ်။

Ref: Gizmochina