Facebook က Covid-19 ဗိုင်းရက်စ် (ကိုရိုနာဗိုင်းရက်စ်) ကုသပေးနိုင်တယ်ဆိုတဲ့ အလိမ်အညာ ကြော်ငြာတွေကို ပိတ်ပင်မယ်လို့  ဒီ ၁ ပတ်ထဲမှာ ပြောပါတယ်။ Facebook နဲ့ သူပိုင်တဲ့ Instagram တို့ဟာ ကိုရိုနာဗိုင်းရက်စ်နဲ့ ပတ်သက်တဲ့ သတင်းမှားတွေကို တိုက်ဖျက်ဖို့ တစ်စိတ်တစ်ပိုင်း အနေနဲ့ ဒီလို ဆေးလိမ်ညာရောင်းတာကို ပိတ်ပင်ဖို့ ဇန်နဝါရီလထဲက ပြောခဲ့တာပါ။

ဗိုင်းရက်စ်ကို တိုက်ဖျက်ရာမှာ Facebook ထက် လက်သွက်တာက Amazon နဲ့ Google ပါ။ Amazon က ကိုရိုနာ ဗိုင်းရက်စ် ကုသပေးတယ်ဆိုတဲ့ အလိမ်အညာ ဆေးတွေကို သူ့ရဲ့ စတိုးမှာ လက်မခံဘူးလို့ သတိပေးထားပါတယ်။ Google ကလည်း ဗိုင်းရက်စ်အတွက် SOS Alert ၊ သတင်းအမှန်တွေနဲ့ ကျန်းမာရေး အဖွဲ့အစည်းတွေရဲ့ သတင်းအရင်းအမြစ်တွေကို ပံ့ပိုးပေးနေပါတယ်။

ကိုရိုနာဗိုင်းရက်စ်ကြောင့် ကမ္ဘာအဝန်းမှာ ဆိုးကျိုးများစွာ ခံစားနေရပါတယ်။ အထင်ကရ နည်းပညာ ပြပွဲဖြစ်တဲ့ MWC နဲ့ GDC တို့ကို ဖျက်သိမ်းခဲ့ရပြီး ဗိုင်းရက်စ် အဓိက ကူးစက်နေတဲ့ မြို့တွေရဲ့ လမ်းတွေမှာ လူတွေ မမြင်ရတော့တဲ့အထိ အခြေအနေဆိုးရွားနေပါတယ်။ တရုတ် အပါအဝင် ကမ္ဘာအဝန်းမှ နည်းပညာ  ကုမ္ပဏီတွေက ကိုရိုနာဗိုင်းရက်စ်ကို တိုက်ဖျက်ဖို့ တတ်နိုင်တဲ့ အပိုင်းက ပါဝင် ကူညီနေပါတယ်။ Huawei က တရုတ်မှ ဆေးရုံတွေမှာ 5G ဆက်သွယ်မှု ကွန်ရက်တွေ တည်ဆောက်ပြီး ကူညီနေပါတယ်။

Facebook က ဗိုင်းရက်စ် ကူးစက်တာကို ကြိုတင်ခန့်မှန်းဖို့အတွက် လူနေထူထပ်မှုနဲ့ သွားလာမှု ဒေတာတွေကို Harvard’s School of Public Health နဲ့ ထိုင်ဝမ်မှ National Tsing Hua University တို့အား ကူညီပံ့ပိုးပေးမယ်လို့ ပြီးခဲ့တဲ့ လက ပြောခဲ့ပါတယ်။

Ref : tnw