မကြာခင်ကပဲ Samsung က Foldable iPhone မထုတ်နိုင်သေးလို့ Apple ကို လှောင်ပြောင်ခဲ့ပါတယ်။ အခုတော့ တရုတ်က Apple Fan ၁ ယောက်ဟာ သူ့ iPhone ကို Foldable စမတ်ဖုန်း အဖြစ် ပြောင်းလဲ ဖန်တီးလိုက်ပါတယ်။ သူ့ရဲ့ Foldable iPhone ဟာ စိတ်ဝင်စားစရာ ကောင်းပါတယ်။
အဲဒီဖုန်းကို သူက iPhone V လို့ အမည်ပေးထားပြီး ဒေါင်လိုက်ခေါက်ချိုးတဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ အဲဒီဖုန်းကို တရုတ်က နာမည်ကြီး ဗီဒီယို ပလက်ဖောင်း ဖြစ်တဲ့ BiliBili မှာ ပြသထားပါတယ်။ သူက iPhone ရဲ့ အတွင်းပိုင်း အစိတ်အပိုင်းတွေကို နှစ်ခြမ်းခွဲလိုက်ပြီးတော့မှ ချိတ်ဆက်ထားပါတယ်။
အောက်ဘက်ခြမ်းမှာ SoC နဲ့ Memory ပါတဲ့ ပင်မ Motherboard တပ်ဆင်ထားပြီး အထက်ဘက်ခြမ်းမှာ ဘက်ထရီနဲ့ အရှေ့အနောက် ကင်မရာတွေ ထည့်သွင်းထားပါတယ်။ သူဟာ အဲဒီဖုန်းကို ၁ နှစ်ကြာ တီထွင်ခဲ့တာ ဖြစ်ပြီး နမူနာ မော်ဒယ် အဆင့်ပဲ ရှိပါသေးတယ်။ နည်းပညာ ကုမ္ပဏီကြီး ၁ ခုက ထုတ်တဲ့ ရောင်းတန်းဝင် အဆင့်တော့ မဟုတ်သေးပါဘူး။ ဒါပေမယ့် သူ့ရဲ့ ဖုန်းဟာ စွမ်းရည် ပြည့်စုံပြီး အလုပ်ကောင်းကောင်းလုပ်ပါတယ်။ ကင်မရာနဲ့ တခြား ဖန်ရှင်တွေကိုလည်း အသုံးပြုနိုင်ပါတယ်။
သူက အဲဒီဖုန်းကို ကြော်ငြာတဲ့ ဗီဒီယို အတု ၁ ခုကိုတောင် ပြုလုပ်ထားပြီး 5G ဆက်သွယ်မှုနဲ့ A16 Bionic Chipset ပါတယ်လို့ ဖော်ပြထားပါတယ်။ အရှေ့ဘက်မှာ 12MP ဆဲလ်ဖီး ကင်မရာ ၁ လုံး တပ်ဆင်ထားပြီး Super Retina XDR မျက်နှာပြင်ပါတယ်လို့ ပြောပါတယ်။ Pro Series ကင်မရာတွေနဲ့ Ceramic Shield နည်းပညာထည့်သွင်းထားပြီး ဘက်ထရီ သက်တမ်း ပိုကောင်းတယ်လို့ ကြော်ငြာထားပါတယ်။
Ref : gizmochina