Apple ဟာ iPhone 14 လိုင်းအတွက် တရုတ်ကုမ္ပဏီဖြစ်တဲ့ BOE ကထုတ်လုပ်တဲ့ OLED Display Panel တွေကို အမှန်တကယ် အသုံးပြုတော့မှာဖြစ်တယ်လို့ တရုတ်ပြည်တွင်းကလာတဲ့ သတင်းအရ သိရပါတယ်။ ကနဦးကတော့ BOE ဟာ iPhone 13 ရဲ့ OLED မျက်နှာပြင်အတွက် Display Driver ICs ကို အပြောင်းအလဲလုပ်လိုက်တာကြောင့် Apple ရဲ့ အမျက်ရှခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။

အခုအခါမှာတော့ Apple ဟာ BOE ရဲ့ OLED Display Panel တွေကို အသုံးပြုဖို့ ဆုံးဖြတ်လိုက်တာကြောင့် တရုတ်ကုမ္ပဏီဟာ ဒီလမကုန်ခင်မှာ Panel တွေကို အလုံးအရင်းနဲ့ ထုတ်လုပ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ Cupertino ကုမ္ပဏီဟာ အစဉ်အလာအားဖြင့် iPhone အသစ်တွေကို စက်တင်ဘာလမှာ ကြေညာလေ့ရှိပါတယ်။ ဒါကြောင့် Panel တွေကိုသြဂုတ်လမတိုင်မီမှာ ပေးသွင်းဖို့ လိုအပ်နေပါတယ်။

iPhone 13 ရဲ့ OLED မျက်နှာပြင်အတွက် Display Diver ICs ကို ပြောင်းလဲခြင်းကို BOE က Apple ကို အသိမပေးဘဲ သူ့သဘောနဲ့သူ ပြုလုပ်လိုက်တာ ဖြစ်ပါတယ်။ Apple က နောက်မှ သိလိုက်ရတာဖြစ်ပြီး ချက်ချင်းဆိုသလို iPhone 13 အတွက် OLED ထုတ်လုပ်ခြင်းကို ရပ်တန့်ထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ နောက်ဆက်တွဲအဖြစ် iPhone 14 အတွက် Display အမှာစာကိုပါ ထိခိုက်လာတဲ့ အခြေအနေ ဖြစ်ခဲ့တာပါ။

BOE ဟာ Vanilla iPhone 14 အတွက် 6.1-inch LTPS OLED Panels တွေကိုပဲ ထောက်ပံ့ပေးရမယ်လို့ ခန့်မှန်းထားပါတယ်။ Apple ဟာ ဒီနှစ်မှာ iPhone 14 မိသားစုအတွက် Display panels ပေါင်း သန်း ၉၀ ကိုမှာယူမှာဖြစ်ပြီး ဒီအထဲက သန်း ၆၀ ဟာ Samsung Display ဆီကဖြစ်ပြီး အခြားတောင်ကိုရီးယားကုမ္ပဏီဖြစ်တဲ့ LG Display ဆီက ၂၅ သန်း မှာယူမှာ ဖြစ်ပါတယ်။ BOE ဆီကတော့ ၅ သန်း သာမှာယူမှာ ဖြစ်ပါတယ်။ BOE ဟာ iPhone 12 နဲ့ iPhone 13 နှစ်မျိုးလုံးအတွက် Panel တွေကို ထောက်ပံ့ပေးခဲ့ပါတယ်။

Ref: GSM Arena