လူတွေ Android ထက် iPhone ကို ပိုကြိုက်တဲ့ အကြောင်းအရင်း ၁ ခုက လုံခြုံရေး ပိုကောင်းလို့ ဖြစ်ပါတယ်။ Android Malware နဲ့ Virus တွေ မရေမတွက်နိုင်အောင် များစွာ ထွက်ပေါ်ခဲ့ပေမယ့် iOS Device တွေမှာ မရှိခဲ့ပါဘူး။ အခုတော့ iPhone ရဲ့ ပထမဆုံး Trojan ထွက်ပေါ်လာပါပြီ။

Group-IB GoldDigger timeline

စင်ကာပူ အခြေစိုက် ဆိုက်ဘာ လုံခြုံရေး ကုမ္ပဏီ ၁ ခု ဖြစ်တဲ့ Group-IB က GoldDigger အမည်ရ နာမည်ကြီး Android Trojan ဟာ အခုဆိုရင် iOS Device တွေကိုလည်း တိုက်ခိုက်နေပြီလို့ ပြောပါတယ်။ အဲဒီ Trojan ကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက စတင် တွေ့ရှိခဲ့ပြီး အခုတော့ GoldPickaxe အမည် အသစ်နဲ့ Android ရော iPhone ကိုပါ  တိုက်ခိုက်လာနိုင်တဲ့ စွမ်းရည်အသစ်တွေ တိုးလာပါပြီ။

အဲဒီ iPhone Trojan ဟာ iOS Device ကို ရောက်လာတာနဲ့ မျက်နှာဒေတာတွေကို စုဆောင်းနိုင်ပါတယ်။ ဒါ့အပြင် GoldPickaxe ဟာ Messages နဲ့ ID Document တွေကို ကြားဖြတ်ခိုးယူနိုင်ပါတယ်။ GoldPickaxe ဟာ Banking App နဲ့ Financial App တွေထံကနေ ငွေတွေ ခိုးထုတ်နိုင်ပါတယ်။

Keeping yourself safe from iPhone trojan

အဲဒီ iPhone Trojan ဟာ ကောက်ယူထားတဲ့ မျက်နှာဒေတာတွေ ကနေ AI Deep Fake တွေကို ဖန်တီးနိုင်ပါတယ်။ အဲဒါကြောင့်ပဲ Banking App နဲ့ Financial App တွေကို လွယ်ကူစွာ ဖောက်ထွင်းနိုင်တာ ဖြစ်ပါတယ်။

လက်ရှိမှာ GoldPickaxe ဟာ ထိုင်းနဲ့ ဗီယက်နမ်မှ iPhone User တွေကို ပစ်မှတ်ထားတိုက်ခိုက်နေပါတယ်။ အဲဒီ Trojan ဟာ ငွေကြေး App ပေါင်း ၅၀ ကျော်ကို တိုက်ခိုက်နိုင်ပါတယ်။

အဲဒီ iPhone Trojan ကို iOS TestFlight Beta Testing System မှာ တွေ့ခဲ့တာပါ။ Group-IB က အဲဒီအကြောင်း သတင်းပို့ပြီးနောက်မှာ Apple က ပိတ်လိုက်ပေမယ့် ဆက်လက်ပျံ့နှံ့နေပါတယ်။

Ref : gizchina