ပြင်သစ်နိုင်ငံဟာ ဩစတြေးလျနိုင်ငံရဲ့ နာမည်ကြီး ပိတ်ပင်ကန့်သတ်မှုကို အတုယူပြီး လူငယ်တွေရဲ့ ဆိုရှယ်မီဒီယာနဲ့ စမတ်ဖုန်း အသုံးပြုမှုကို ကန့်သတ်မယ့် ဥပဒေအသစ်တစ်ခု ပြဋ္ဌာန်းဖို့ ပြင်ဆင်နေပါတယ်။

ဒီအစီအစဉ်အရ အသက် ၁၅ နှစ်အောက် ကလေးတွေကို Facebook၊ Snapchat၊ TikTok နဲ့ YouTube လိုမျိုး အဓိက ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေ အသုံးပြုခွင့် ပိတ်ပင်သွားမှာ ဖြစ်ပါတယ်။

အစိုးရအနေနဲ့ ကျောင်းတွေမှာ ဖုန်းအသုံးပြုခွင့် ပိတ်ပင်ထားတာကို အသက် ၁၅ နှစ်ကနေ ၁၈ နှစ်ကြား အထက်တန်းကျောင်းသားတွေအထိ တိုးချဲ့ဖို့ ဆန္ဒရှိနေပါတယ်။ ဥပဒေပြုသူတွေက အသက်ကြီးပိုင်း ဆယ်ကျော်သက်တွေအတွက် ညဘက်ဖုန်းမသုံးရတဲ့ “digital curfew” သတ်မှတ်ဖို့ စဉ်းစားနေကြပေမယ့် အဲဒါကိုတော့ အတည်မပြုရသေးပါဘူး။
ဥပဒေမူကြမ်းကို ၂၀၂၆ ခုနှစ် အစောပိုင်းမှာ ဥပဒေရေးရာ အာဏာပိုင်တွေက သုံးသပ်ပြီး လွှတ်တော်မှာ ဆွေးနွေးကြဖို့ ရှိပါတယ်။ အကယ်၍ အတည်ပြုခဲ့ရင်တော့ ၂၀၂၆ ခုနှစ် စက်တင်ဘာလ ကျောင်းဖွင့်ရာသီမှာ စတင်သက်ရောက်မှာ ဖြစ်ပါတယ်။
ဖုန်းမျက်နှာပြင် ကြည့်ရှုချိန် များပြားလွန်းတာကြောင့် ဖြစ်ပေါ်လာမယ့် အွန်လိုင်း အနိုင်ကျင့်မှု၊ အန္တရာယ်ရှိတဲ့ အကြောင်းအရာတွေ၊ အိပ်ရေးပျက်တာ၊ ပညာရေး နိမ့်ကျတာနဲ့ စိတ်ကျန်းမာရေး ပြဿနာတွေကနေ လူငယ်တွေကို ကာကွယ်ဖို့ ရည်ရွယ်တာဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
သမ္မတ Macron ကလည်း ဖုန်းအလွန်အကျွံ သုံးစွဲမှုဟာ ကလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုနဲ့ ကျန်းမာရေးကို ထိခိုက်စေတယ်လို့ ပြောကြားပြီး ဒီအစီအစဉ်ကို ထောက်ခံထားပါတယ်။