ပြင်သစ် ဆိုက်ဘာမှုခင်း တာဝန်ရှိသူတွေက ပဲရစ်မြို့မှာရှိတဲ့ X (ယခင် Twitter) ရုံးခန်းကို အင်္ဂါနေ့က ဝင်ရောက်ရှာဖွေခဲ့ပါတယ်။ ဒါ့အပြင် ဘီလျံနာ Elon Musk နဲ့ CEO ဟောင်း Linda Yaccarino တို့ကိုလည်း လာမယ့် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့မှာ “မိမိဆန္ဒအလျောက် လာရောက်အစစ်ဆေးခံဖို့” ဆင့်ခေါ်စာ ပေးပို့ထားတယ်လို့ ပဲရစ် အစိုးရရှေ့နေရုံးက ထုတ်ပြန်ပါတယ်။

ဒီစစ်ဆေးမှုမှာ ဥရောပရဲတပ်ဖွဲ့ (Europol) လည်း ပါဝင်ပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလကတည်းက စတင်စုံစမ်းနေတာ ဖြစ်ပါတယ်။ အဓိက စစ်ဆေးနေတဲ့ အချက်တွေကတော့ X ရဲ့ Algorithm ဟာ ပြင်သစ်နိုင်ငံရေးကို ဝင်ရောက်စွက်ဖက်ဖို့ အသုံးပြုခဲ့သလား ဆိုတဲ့အချက်နဲ့ အလိုအလျောက်စနစ်တွေကနေ ဒေတာအချက်အလက်တွေ ခိုးယူမသမာမှု ပြုလုပ်ခဲ့သလား ဆိုတာတွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် AI chatbot ဖြစ်တဲ့ Grok က လိင်ပိုင်းဆိုင်ရာ အတုအယောင်ပုံရိပ် (Deepfakes) တွေနဲ့ သမိုင်းဆိုင်ရာ လိမ်လည်မှုတွေ ဖြန့်ဝေခဲ့တဲ့ ကိစ္စတွေလည်း ဒီစစ်ဆေးမှုမှာ ပါဝင်ပါတယ်။

သမ္မတ Macron ပါတီရဲ့ အမတ် Eric Bothorel က X ပလက်ဖောင်းပေါ်မှာ မတူကွဲပြားတဲ့ အသံတွေ လျော့နည်းလာတာနဲ့ စီမံခန့်ခွဲမှုပိုင်းမှာ Musk ကိုယ်တိုင် ဝင်ရောက်စွက်ဖက်တာတွေ ရှိတယ်လို့ တိုင်ကြားခဲ့ပြီးနောက် အခုလို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။
X ကုမ္ပဏီဘက်ကတော့ သူတို့မှာ တင်းကျပ်တဲ့ စည်းမျဉ်းတွေရှိကြောင်း ပြောဆိုပြီး ဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။ ဒီစုံစမ်းစစ်ဆေးမှုဟာ “နိုင်ငံရေးအရ လှုံ့ဆော်မှု” သက်သက်ဖြစ်တယ်လို့ တုံ့ပြန်ထားသလို အမေရိကန်အစိုးရကလည်း ဒါဟာ လွတ်လပ်စွာ ပြောဆိုခွင့်ကို ပိတ်ပင်တဲ့ “နိုင်ငံခြားဆင်ဆာ” လုပ်ရပ်ဖြစ်ပြီး အမေရိကန်ကုမ္ပဏီတွေကို ပစ်မှတ်ထားတာဖြစ်တယ်လို့ ဝေဖန်ထားပါတယ်။
Ref : Bangkokpost