၂၀၂၂ ခုနှစ်ထဲကိုဝင်ရောက်လာတာနဲ့ Samsung ကလည်း သူ့ရဲ့ ထုတ်ကုန်သစ်တွေကို အရှိန်မြှင့်ပြီးပွဲထုတ်နေပါပြီ။ Smart TV တွေ၊ Soundbars အသစ်တွေ၊ ကမ္ဘာ့ပထမဆုံး 4K 240Hz monitor စတာတွေကို ပွဲထုတ်ခဲ့ပြီးဖြစ်ပေမဲ့၊ စမတ်ဖုန်းသစ်ကတော့ တန်းစီနေတုန်း ဖြစ်ပါတယ်။


ဒါတွေအားလုံးက CES မှာဖြစ်ပေမဲ့ တန်ဖိုးနည်းစမတ်ဖုန်းသစ်အဖြစ် ပွဲထုတ်လာမဲ့ Galaxy A03 ရဲ့တရားဝင်မိတ်ဆက်ရက်ကိုလည်း ကြေညာလာပြီဖြစ်ပါတယ်။ လွန်ခဲ့တဲ့ လအတန်ကြာကတည်းက Samsung Galaxy A03 အကြောင်းပြောခဲ့ပေမဲ့ ဈေးနှုန်းနဲ့ ဘယ်တော့ဖြန့်ချိမယ်ဆိုတာကိုတော့ မပြောခဲ့ပါဘူး။ အခုတော့ ဒီဟန်းဆက်ကို ဗီယက်နမ်ဈေးကွက်မှာ ဇန်နဝါရီလ ၁၀ ရက်နေ့ဆို စတင်ရောင်းချဖို့စီစဉ်ထားကြောင်း အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

Galaxy A03 ကို ဇန်နဝါရီလ ၁၀ ရက်နေ့မှာ VND 2,990,000 ($130) (၂ သိန်း ၃ သောင်းဝန်းကျင်)နဲ့ ဝယ်ယူနိုင်မယ်လို့ ဆိုပါတယ်။ ဒီဈေးနှုန်းဟာ 3GB RAM နဲ့ 32GB storage အတွက်ဖြစ်ပါတယ်။ 4GB RAM နဲ့ 64GB storage ရှိတဲ့မော်ဒယ်ကတော့ VND 3,490,000 ($152) (၂ သိန်း ၇ သောင်းဝန်းကျင်) နဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

တရားဝင် Spec Sheet မှာဖော်ပြထားတာက Galaxy A03 မှာ 6.5-inch HD+ display, Unisoc T606 8-core chipset, 5,000mAh ဘက်ထရီတွေ ပါဝင်မယ်လို့ သိရပါတယ်။ ကင်မရာပိုင်းမှာတော့ 5MP selfie, 48MP အဓိကကင်မရာနဲ့ 2MP depth shooter တို့ ဖြစ်ပါတယ်။ အရောင်ကတော့ Black, dark green နဲ့ red ဆိုပြီး သုံးရောင်ဖြစ်ပါတယ်။ Galaxy A03 ကို ဗီယက်နမ်အပြင် အခြားဈေးကွက်တွေမှာလည်း ဖြန့်ချိမယ်လို့ သိရပါတယ်။

Ref: Sam Mobile