Samsung ဟာ အခုအချိန်မှာ Android 11 ကို အခြေခံထားတဲ့ OneUI 3.0 Update အသစ်ကို ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း Galaxy S20 Series အသုံးပြုသူတွေအတွက် OneUI 3.0 Stable Update ကို ထုတ်ပေးခဲ့ပါသေးတယ်။

အခုလည်း Galaxy Note 20 နဲ့ Note 20 Ultra အသုံးပြုနေတဲ့သူအချို့ဆီမှာ OneUI 3.0 Stable Update ကို Download ပြုလုပ်နိုင်ပြီလို့ သိရပါတယ်။ ဒါက လောလောဆယ်မှာ US Region အသုံးပြုသူတွေအချို့ဆီမှာ ရရှိနေတာဖြစ်ပြီး တကမ္ဘာလုံးအတွက်ကတော့ ထွက်ရှိသေးခြင်းမရှိသေးပါဘူး။

Galaxy Note 20 Series အတွက် OneUI 3.0 Stable Update ဟာ Firmware Number အနေနဲ့ “N98xUSQU1CTL2” နာမည်နဲ့ ထွက်ရှိလာတာဖြစ်ပြီး File Size ကတော့ 2.5GB ဝန်းကျင် Download ပြုလုပ်ရမှာဖြစ်ပါတယ်။ Samsung ဟာ Galaxy S20 Series နဲ့ Note 20 Series တွေကို စတင် Update ပြုလုပ်ပေးနေပြီဖြစ်တဲ့အတွက် မကြာခင်မှာ Galaxy Z Fold 2 ၊ Z Flip ၊ Note 10 Series နဲ့ S10 Series ဖုန်းတွေလည်း Update ရရှိလာတော့မှာဖြစ်ပါတယ်။

Samsung ကနေ လာမယ့် ၂၀၂၁ ခုနှစ်အတွင်းမှာ OneUI 3.0 Update ကို တခြားသော Galaxy A Series ၊ M Series ဖုန်းတွေအပြင် Tablet တွေအတွက်လည်း ထုတ်ပေးသွားဖို့ စီစဥ်ထားတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဆိုပါ Device တွေအကုန်လုံးကတော့ Android 11 OS Update ကိုပါ ရရှိလာနိုင်မလားဆိုတာကိုတော့ အသေအချာမသိရှိရသေးပါဘူး။

ဘာပဲဖြစ်ဖြစ် Galaxy Note 20 Series ကို အသုံးပြုနေတယ်ဆိုရင် မကြာခင်မှာ Android 11 ကို အခြေခံထားတဲ့ OneUI 3.0 Update ကို အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။

Ref – Giz China