Samsung ဟာ ဒီနှစ်နှောင်းပိုင်းမှာ Galaxy S23 FE ကို ဈေးကွက်ထဲ ပို့ဆောင်မယ်လို့ သတင်းထွက်ပေါ်ထားပါတယ်။ ဒီသတင်းက ကိုရီးယားမီဒီယာ Hankooki က ဖော်ပြခဲ့တာပါ။ ဒါတင်မကသေးပါဘူး ပေါက်ကြားမှုအသစ်အရ Galaxy S23 FE မှာ Qualcomm Snapdragon 8+ Gen 1 SoC ကို အသုံးပြုထားမယ်လို့ သိထားရပါတယ်။

တကယ်တော့ Galaxy FE lineup ရဲ့ ကံကြမ္မာဟာ မသေချာ၊ မရေရာတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေခဲ့ရတာ ကြာပါပြီ။ Galaxy S21 FE ကတည်းက ဈေးကွက်တုံ့ပြန်မှုဟာ သိပ်ပြီးအားရစရာ မကောင်းခဲ့ပါဘူး။ ဒါကြောင့် Galax S22 FE လည်း မထွက်ဖြစ်ခဲ့ပါဘူး။ အဲဒီအစား Galaxy S23 FE ကို ထုတ်မဲ့ပုံမှာ ရှိနေပါတယ်။ လတ်တလောခန့်မှန်းချက်အရ Galaxy S23 FE ကို ဒီနှစ် တတိယသုံးလပတ်မှာ တွေ့မြင်ရဖွယ်ရှိပါတယ်။

Fan Edition တွေဟာ ဈေးသက်သာတဲ့ အမျိုးအစားအဖြစ် ရွေးချယ်နိုင်တာဖြစ်ပေမဲ့ ဒီတစ်ခါတော့ အဆင့်မြင့် Chipset ကို အသုံးပြုထားမယ်လို့သတင်းထွက်တဲ့အတွက် စိတ်ဝင်စားစရာတော့ ကောင်းနေပါပြီ။ ဒီအကြောင်းကို OreXDA က ပြောလာတာဖြစ်တဲ့အတွက် ရာနှုန်းပြည့်မဟုတ်ပေမဲ့ ရာခိုင်နှုန်းအတော်များများတော့ ယုံကြည်ရပါတယ်။

Galaxy S23 FE နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို မသိရသေးပေမဲ့ ဖုန်းဟာ 120Hz AMOLED display အပြင် Galaxy S23 စီးရီးရဲ့ ကင်မရာဆင်ဆာတွေကိုလည်း အသုံးပြုလာမယ်လို့ မျှော်လင့်ရပါတယ်။ အခုထွက်ပေါ်လာတဲ့ Chipset သတင်းဟာ Galaxy S23 FE ရဲ့ ဈေးနှုန်းနဲ့ပတ်သက်ပြီး ခန့်မှန်းရခက်စေသလို ဒေါ်လာ ၄၅၀ ကနေ ၅၀၀ ကြားမှာရှိနေတဲ့ Galaxy A73 လိုမျိုး Budget လိုင်းကိုကြိုက်တဲ့ သုံးစွဲသူတွေကို ပစ်မှတ်ထားလာသလားဆိုတာလည်း စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Ref: 9To5Google