Samsung ဟာ အခုအချိန်မှာ Flagship ဖုန်းတွေအတွက် Android 11 ကို အခြေခံထားတဲ့ OneUI 3.0 Stable Update ကို ဆက်တိုက်ထုတ်ပေးနေတာ အခုဆိုရင် Galaxy S20 Series ၊ Note 20 Series အပြင် Galaxy Note 10 Series အတွက်ပါ ထုတ်ပေးထားပြီးဖြစ်ပါတယ်။ အခုလည်း နောက်ထပ် Flagship စမတ်ဖုန်းတစ်လုံးအတွက် OneUI 3.0 Update ကို ထုတ်ပေးလိုက်ပါပြီ။

ဒါကတော့ Samsung Galaxy Z Flip ပဲဖြစ်ပြီး ယခုနှစ်လယ်ပိုင်းမှာ မိတ်ဆက်ခဲ့တဲ့ Galaxy Z Flip 5G မဟုတ်ဘဲ Galaxy S20 Series ဖုန်းတွေနဲ့အတူ မိတ်ဆက်ခဲ့တဲ့ Z Flip 4G Version ကို Update ပေးခဲ့တာဖြစ်ပါတယ်။ Galaxy Z Flip 5G အနေနဲ့ကတော့ ပြီးခဲ့တဲ့ရက်သတ္တပတ်ပိုင်းထဲက OneUI 3.0 Update ကို ရရှိနေခဲ့ပြီးဖြစ်ပါတယ်။

လောလောဆယ်မှာတော့ Galaxy Z Flip ဖုန်းအတွက် OneUI 3.0 Update ဟာ Europe နဲ့ Nigeria Region တွေမှာ အရင်ဆုံးရရှိနေတယ်လို့ သိရပြီး မကြာခင်မှာ တခြားသော Region တွေမှာပါ Update ရရှိလာမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက OneUI 3.0 Update ရရှိခဲ့တဲ့ Galaxy Note 10 Series ဖုန်းတွေလိုမျိုးပဲ Galaxy Z Flip ဖုန်းဟာ လာမယ့် ဇန်နဝါရီလမှ OneUI 3.0 Update ထုတ်ပေးဖို့စီစဥ်ထားတာဖြစ်တဲ့အတွက် တကယ်တမ်းမှာ အချိန် ၁ လဝန်းကျင်ပိုစောပြီး ရရှိတာလည်းဖြစ်ပါတယ်။

Galaxy Z Flip နဲ့ Galaxy Z Flip 5G ဖုန်းတွေဟာ Samsung အတွက်တော့ အောင်မြင်မှုရရှိခဲ့တဲ့ Foldable စမတ်ဖုန်းတွေဖြစ်ပြီး Compact ဖုန်းကြိုက်နှစ်သက်သူတွေအတွက် ရွေးချယ်စရာဖြစ်ခဲ့တဲ့ဖုန်းတွေလည်း ဖြစ်ပါတယ်။ လာမယ့် ၂၀၂၁ ခုနှစ်မှာလည်း Samsung အနေနဲ့ စျေးပိုသက်သာတဲ့ Galaxy Z Flip Lite ဖုန်းကို မိတ်ဆက်နိုင်ခြေရှိနေတယ်ဆိုပြီး သတင်းတွေထွက်ရှိနေပါတယ်။

Ref – Gizmo China