အခုနောက်ပိုင်းမှာ Microsoft ကနေ ထုတ်လုပ်ထားတဲ့ Edge Browser ဟာ RAM စားသုံးမှုနည်းပါးသလို Feature ပိုင်းတွေမှာလည်း ပိုမိုစုံလင်တာကြောင့် အသုံးပြုသူတဖြည်းဖြည်းများလာပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း Google Chrome ကို အသုံးပြုသူတွေကိုတော့ မမှီသေးဘဲ Google ကပဲ လက်ရှိ လူသုံးအများဆုံး Browser တစ်ခုဖြစ်နေဆဲဖြစ်ပါတယ်။

Google ဟာ Chrome Browser အတွက် Feature အသစ်တွေကို ထုတ်ပေးနေပြီးတော့ အခုလည်း Major Feature Update တွေအများအပြားကို ထုတ်ပေးသွားတော့မယ်လို့ သိရပါတယ်။ အဆိုပါ Feature တွေဟာ Chrome Browser ကို ပိုမိုမြန်ဆန်လာစေမှာဖြစ်သလို UI Design ပိုင်းမှာလည်း Feature အသစ်တွေပါဝင်လာမှာဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ကတော့ Chrome Browser မှာ Tab တွေအများကြီးဖွင့်ထားပြီး မတော်တဆပိတ်မိလိုက်တယ်ဆိုရင် ချက်ချင်းပြန်ဖွင့်နိုင်မယ့် “Reopen Closed Tabs” Feature ပါဝင်လာမှာဖြစ်ပါတယ်။ Google Chrome Developer တွေကိုယ်တိုင်က အဆိုပါ Feature ကို အစောဆုံးထည့်သွင်းပေးသွားဖို့ ဆောင်ရွက်နေတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

နောက်ထပ် Feature တစ်ခုကတော့ Chrome Browser ကို အသုံးပြုတဲ့အချိန်မှာ ပိုပြီးမြန်ဆန်လာစေမယ့် “back-forward cache” Feature ကို Stable Build တွေမှာ ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။ အဆိုပါ Feature ဟာ Android အတွက် Chrome Version 87 မှာ စတင်ထည့်သွင်းပေးခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ PC Stable Version မှာလည်း ရရှိလာတော့မှာဖြစ်ပါတယ်။ စမ်းသပ်ပြီးအသုံးပြုချင်တယ်ဆိုရင်လည်း “chrome://flags” ကနေတစ်ဆင့် “Back-forward Cache” နဲ့ “Closed Tab Cache” တွေကို Enable ပြုလုပ်စမ်းသပ်နိုင်မှာပါ။

Media Playback အတွက်လည်း Google Chrome မှာ ပိုပြီးအဆင်ပြေလာအောင် ပုံမှန် Play/Pause ၊ Next ၊ Previous တွေအပြင် Picture in Picture Mode ၊ Mute Button တွေကိုပါ ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Subtitle ပါဝင်ခြင်းမရှိတဲ့ Video တွေအတွက် Live Caption Feature ပါ ပါဝင်လာမယ်လို့ သိရပါတယ်။

နောက်ထပ်လည်း Google Chrome ဟာ Settings Page နဲ့ Bookmark Page လိုမျိုး နေရာတွေမှာ UI Design ကို အနည်းငယ်ပြောင်းလဲသွားမှာဖြစ်ပြီး ယခင်ထက် ကြည့်ရတာပိုရှင်းသွားမှာဖြစ်ပါတယ်။

Ref – Windows Latest