Google ရဲ့ Android Auto ဟာ ကားကုမ္ပဏီတွေမှာ အသုံးပြုမှုများပြားလာပြီဖြစ်သလို တကယ်လို့ ကိုယ့်ကားက Android Auto ကို Support ပြုလုပ်ခြင်းမရှိဘူးဆိုရင်လည်း Android ဖုန်းမှာ Android Auto App ကို ထည့်သွင်းပြီး အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း မကြာခင်မှာ ဒီလိုမျိုး Android ဖုန်းပေါ်မှာ Android Auto App ကို ဆက်လက်ပြီးအသုံးပြုနိုင်တော့မှာမဟုတ်ပါဘူး။


ဘာကြောင့်လဲဆိုရင် Google ကနေ စမတ်ဖုန်းတွေအတွက် Android Auto Application ဖြစ်တဲ့ “Android Auto for Phone Screens” App ကို ပိတ်သိမ်းတော့မယ်ဆိုပြီး တရားဝင်ပြောကြားလိုက်တာကြောင့်ဖြစ်ပါတယ်။ အဲ့ဒီအတွက် Android Auto ပုံစံ Driving Mode ကို စမတ်ဖုန်းပေါ်မှာ အသုံးပြုချင်တယ်ဆိုရင် Google Assistant Driving Mode ကို ပြောင်းလဲအသုံးပြုရမှာဖြစ်ပါတယ်။

ဒီလိုမျိုး ပြောင်းလဲမှုဟာ Android 12 မှာစတင်သက်ရောက်သွားမှာဖြစ်ပြီး Android Auto Application ကို ဝင်ရောက်တဲ့အချိန်မှာ Google Assistant Driving Mode ကိုပဲ အစားထိုးသုံးစွဲဖို့ အသိပေးသွားမှာဖြစ်ပါတယ်။ 9to5Google ရဲ့ ပြောကြားချက်အရတော့ Android 12 ကို အသုံးပြုထားတဲ့ Pixel ဖုန်းတွေမှာ အဆိုပါ Android Auto for Phone Screen App ကို Install ပြုလုပ်နိုင်ခြင်းမရှိတော့ဘဲ Incompatible Error Message ကိုပဲ မြင်တွေ့ရတော့မှာဖြစ်ပါတယ်။

Google ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ထဲက စတင်ပြီး Android Auto App မှာပါဝင်တဲ့ Feature တွေကို Android 10 မှာ တခါတည်းပါဝင်လာအောင် ထည့်သွင်းခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ Android Auto Mobile App ကို Download ပြုလုပ်နိုင်သေးတယ်ဆိုပေမယ့် တဖြည်းဖြည်းနဲ့ Android Version Update တွေမှာ Android Auto Driving Feature တွေကို ထည့်သွင်းလာခဲ့တာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် အခုလိုမျိုး Android Auto Mobile App အစား Google Assistant Driving Mode ကို ပြောင်းလဲအသုံးပြုတာက Android Auto နဲ့ ကျင့်သားရနေတဲ့သူတွေအတွက်ကတော့ ဝမ်းနည်းစရာဖြစ်မှာပါ။ လက်ရှိအချိန်မှာ Google Assistant Driving Mode ဟာ Driving Mode အနေနဲ့ Feature စုံလင်တယ်ဆိုပေမယ့် Android Auto ရဲ့ Feature အကုန်လုံးတော့ ပါဝင်ဦးမှာမဟုတ်ပါဘူး။

Ref – The Verge