Google ဟာ  ကြီးထွားလာတဲ့ AI နဲ့ cloud လုပ်ငန်းတွေအတွက် စွမ်းအင်ရရှိဖို့ Iowa ပြည်နယ်က အမေရိကန် နျူကလီးယား စက်ရုံတစ်ရုံကို ပြန်လည်စတင်ဖို့ စီစဉ်နေပါတယ်။ Google က လျှပ်စစ်စွမ်းအင်ကုမ္ပဏီ NextEra Energy နဲ့ ပူးပေါင်းပြီး Duane Arnold Energy Center ကို ပြန်ဖွင့်မှာ ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်ကတည်းက ပိတ်သိမ်းထားခဲ့တဲ့ အဲဒီစက်ရုံကို ၂၀၂၉ ခုနှစ်မှာ ပြန်လည်စတင်မှာဖြစ်ပြီး၊ Google က အဲဒီစက်ရုံကနေ စွမ်းအင် ဝယ်ယူဖို့ ၂၅ နှစ်စာ သဘောတူစာချုပ် ချုပ်ဆိုထားပါတယ်။

Google joins Microsoft in plans to restart US nuclear plants to power AI  infrastructure - ABC News

ဒီလိုမျိုး နျူကလီးယားစက်ရုံကို AI အတွက် ပြန်လည်အသုံးပြုတာဟာ Google တစ်ခုတည်း မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ တစ်နှစ်ကျော်က Microsoft ကလည်း Pennsylvania ပြည်နယ်က Three Mile Island စက်ရုံကို ပြန်လည်စတင်ဖို့ ကြေညာခဲ့ပါတယ်။ Microsoft က Constellation ကုမ္ပဏီနဲ့ နှစ် ၂၀ စွမ်းအင်ဝယ်ယူရေး သဘောတူညီချက် ချုပ်ဆိုခဲ့ပြီး၊ ၂၀၁၉ ခုနှစ်ကတည်းက စီးပွားရေးအရ အကျိုးအမြတ်မရှိလို့ ပိတ်ထားခဲ့တဲ့ အဲဒီစက်ရုံကို ပြန်လည် လည်ပတ်မှာ ဖြစ်ပါတယ်။

Google teams up with nuclear power giants to fuel massive data center  growth with reactors in Tennessee by 2030 | TechRadar

နည်းပညာကုမ္ပဏီကြီးတွေ နျူကလီးယားစွမ်းအင်ကို အခုလို ပြန်သုံးလာရတဲ့ အဓိကအကြောင်းရင်းကတော့ ၂၀၂၅ ခုနှစ်မှာ AI ကြောင့် စွမ်းအင်လိုအပ်ချက် အဆမတန် မြင့်တက်လာတာကြောင့်ပါပဲ။ နိုင်ငံတကာ စွမ်းအင်အေဂျင်စီ (IEA) က ၂၀၃၀ ခုနှစ်ရောက်ရင် ဒေတာစင်တာတွေရဲ့ လျှပ်စစ်သုံးစွဲမှုက လက်ရှိထက် နှစ်ဆကျော် တိုးလာမယ်လို့ ဧပြီလက ခန့်မှန်းထားပါတယ်။ ၂၀၂၄ ခုနှစ်မှာတောင် ဒေတာစင်တာတွေက ကမ္ဘာလုံးဆိုင်ရာ လျှပ်စစ်သုံးစွဲမှု စုစုပေါင်းရဲ့ ၁.၅% ကို သုံးစွဲနေခဲ့ပါတယ်။

Google က နျူကလီးယားစွမ်းအင်ကို “ကာဗွန်ကင်းစင်တဲ့” ပါဝါရင်းမြစ်အဖြစ် ချီးကျူးခဲ့ပါတယ်။ Google ရဲ့ ဥက္ကဋ္ဌ Ruth Porat က ဒီပူးပေါင်းဆောင်ရွက်မှုဟာ AI-မောင်းနှင်တဲ့ စီးပွားရေးအတွက် သန့်ရှင်းပြီး ယုံကြည်ရတဲ့ ပါဝါတည်ဆောက်မှုရဲ့ “စံပြပုံစံ” ဖြစ်တယ်လို့ ပြောပါတယ်။ Google ဟာ ဒီတစ်ခုတည်းအပြင် Elementl Power ဆိုတဲ့ ကုမ္ပဏီနဲ့ ပူးပေါင်းပြီး တခြား အဆင့်မြင့် နျူကလီးယား ဓာတ်ပေါင်းဖို သုံးခုကိုလည်း အမေရိကန်မှာ တည်ဆောက်ဖို့ လုပ်ဆောင်နေပါတယ်။

Ref : abc