Google ဟာ Android 10 ကနေစတင်ပြီးတော့ System-wide Dark Theme ကို Support ပြုလုပ်လာတာဖြစ်ပါတယ်။ အခုဆိုရင်လည်း Google ရဲ့ ကိုယ်ပိုင် App တွေအကုန်လုံးနီးပါးက Dark Theme ကို Support ပြုလုပ်နေပါပြီ။

ဒါပေမယ့်လည်း လူသုံးအများဆုံးဖြစ်တဲ့ Google Maps မှာတော့ Dark Theme ကို အသုံးပြုနိုင်ခြင်းမရှိသေးပါဘူး။ ဒါကလည်း မကြာခင်မှာ ပြောင်းလဲသွားဖွယ်ရှိနေပါတယ်။

ဘာကြောင့်လဲဆိုရင် ပြီးခဲ့တဲ့လတုန်းက Google ကနေ Maps မှာ Dark Theme ကို စမ်းသပ်နေတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်ခဲ့သလို အခုလည်း တချို့သောအသုံးပြုသူတွေအနေနဲ့ စမ်းသပ်အသုံးပြုနိုင်ပြီလို့ သိရတာကြောင့်ဖြစ်ပါတယ်။ ဒါက Google ကနေ စမ်းသပ်မှုအနေနဲ့ ထုတ်ပေးတာဖြစ်တဲ့အတွက် ဘယ်အချိန်မှ လူတိုင်းအသုံးပြုနိုင်မလဲဆိုတာကိုတော့ အတိအကျမသိရသေးပါဘူး။

တကယ်လို့ ကိုယ့်ရဲ့ Google Maps App မှာ Dark Theme ရရှိလာမယ်ဆိုရင် Profile Icon ကို နှိပ်လိုက်ရင် မြင်ရတဲ့ Settings Page မှာ Appearance ဆိုပြီး Option တစ်ခု အပိုပါဝင်လာမှာဖြစ်ပါတယ်။ အဲ့ဒီမှာမှ Light Theme ၊ Dark Theme သို့မဟုတ် Device Theme အတိုင်းပြောင်းလဲထားနိုင်မယ်လို့ သိရပါတယ်။

Google Maps ဟာ Dark Theme ရရှိလာတယ်ဆိုပေမယ့် Layer တွေနဲ့ တခြားသော Icon တွေကို ဖော်ပြနိုင်ဖို့အတွက် လုံးဝအနက်ရောင်အစား Dark Gray ပုံစံမျိုးဖြစ်နေမှာပါ။ ဒါကလည်း ညဘက်အသုံးပြုသူတွေအတွက် သိသိသာသာကို မျက်လုံးထိခိုက်မှုကို သက်သာစေမှာပါ။ လောလောဆယ်မှာတော့ Google Maps Navigation Feature ကိုပဲ Dark Theme ပုံစံနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Google Maps ကို မကြာခင်မှာ Dark Theme နဲ့ အသုံးပြုနိုင်ဖို့ကတော့ သေချာသလောက်ရှိနေပါပြီ။

Ref – 9to5Google