သတင်းတွေ အကြိမ်ကြိမ် ပေါက်ကြားခဲ့ပြီးနောက်မှာတော့ Google ဟာ  Pixel 10 series ကို New York မြို့၊ Brooklyn မှာ ကျင်းပခဲ့တဲ့ Made by Google ပွဲမှာ တရားဝင် မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ ဒီစီးရီးထဲမှာ Pixel 10, Pixel 10 Pro, Pixel 10 Pro XL နဲ့ Pixel 10 Pro Fold တို့ ပါဝင်လာပါတယ်။ ခန့်မှန်းထားခဲ့ကြတဲ့အတိုင်း အခြေခံ Pixel 10 မော်ဒယ်မှာ ပထမဆုံးအကြိမ်အဖြစ် telephoto ကင်မရာကို ထည့်သွင်းပေးလာတာ တွေ့ရပါတယ်။

Google Pixel 10 announced with triple rear cameras, Tensor G5 - GSMArena.com news

Google Pixel 10 ရဲ့ ဒီဇိုင်းဟာ အရင်မျိုးဆက်နဲ့ တူညီပုံရပေမယ့် ကျောဘက်က ကင်မရာဘောင်ထဲမှာတော့ ကင်မရာနှစ်လုံးအစား သုံးလုံး ပါဝင်လာပါတယ်။ အဓိကကင်မရာအဖြစ် 48 MP sensor၊ 13 MP ultrawide ကင်မရာနဲ့ 5x optical zoom ပါဝင်တဲ့ 10.8 MP telephoto ကင်မရာတို့ကို တပ်ဆင်ထားပါတယ်။ ရှေ့ဘက်မှာတော့ autofocus ပါဝင်တဲ့ 10.5 MP ကင်မရာကို အသုံးပြုထားပါတယ်။ အခြေခံမော်ဒယ်မှာ telephoto ကင်မရာ ပါဝင်လာတာက အဆင့်မြှင့်တင်မှုတစ်ခုဖြစ်ပေမယ့် ultrawide ကင်မရာကတော့ Pixel 9 ထက် spec နိမ့်သွားတာကို တွေ့ရပါတယ်။

Pixel 10 မှာ TSMC က 3nm နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ Tensor G5 Chipset အသစ်နဲ့ Titan M2 လုံခြုံရေး chip ကို အသုံးပြုထားပါတယ်။ 12 GB RAM နဲ့ တွဲဖက်ပေးထားပြီး 128GB နဲ့ 256GB UFS 4.0 storage ရွေးချယ်စရာတွေနဲ့ ရရှိနိုင်မှာ ဖြစ်ပါတယ်။

Display အပိုင်းမှာတော့ 6.3 လက်မအရွယ် Actua display ကို အသုံးပြုထားပြီး 120Hz refresh rate နဲ့ Full HD+ resolution ကို ထောက်ပံ့ပေးထားပါတယ်။ LTPS panel အမျိုးအစားဖြစ်တာကြောင့် refresh rate ကို 60Hz နဲ့ 120Hz ကြားမှာပဲ အလိုအလျောက် ချိန်ညှိပေးနိုင်မှာပါ။ အရင်နှစ်ကထက် ပိုမိုတောက်ပလာပြီး အမြင့်ဆုံး high brightness mode မှာ 2,000 nits အထိ ရရှိနိုင်တယ်လို့ ဆိုပါတယ်။ Display ကို Gorilla Glass Victus 2 နဲ့ ကာကွယ်ပေးထားပါတယ်။

ဖုန်းမှာ အရင်မော်ဒယ်ထက် အနည်းငယ်ပိုကြီးတဲ့ 4,970 mAh ဘက်ထရီကို ထည့်သွင်းပေးထားပြီး 29W wired charging နဲ့ 15W Qi2 wireless charging တို့ကို ထောက်ပံ့ပေးထားပါတယ်။ ဒီပွဲမှာ မိတ်ဆက်ခဲ့တဲ့ Qi2 standard နဲ့ ကိုက်ညီတဲ့ Pixelsnap ဆက်စပ်ပစ္စည်းတွေနဲ့လည်း တွဲဖက်အသုံးပြုနိုင်မှာပါ။

Pixel 10 ဟာ Android 16 နဲ့ ထွက်ရှိလာမှာဖြစ်ပြီး OS နဲ့ လုံခြုံရေးဆိုင်ရာ update တွေကို ၇ နှစ်တိတိ ပေးသွားမယ်လို့ Google က အာမခံထားပါတယ်။ ဒါ့အပြင် ပိုမိုတိုးတက်လာတဲ့ display-အောက် ultrasonic လက်ဗွေရာစနစ်နဲ့ IP68 ရေစို၊ ဖုန်ဒဏ်ခံနိုင်မှုတို့လည်း ပါဝင်ပါတယ်။

Google Pixel 10 ကို Indigo, Frost, Lemongrass နဲ့ Obsidian ဆိုပြီး အရောင်လေးမျိုးနဲ့ ရရှိနိုင်မှာပါ။ 128GB မော်ဒယ်အတွက် အမေရိကန်ဒေါ်လာ ၇၉၉ ကနေ ဈေးစတင်မှာဖြစ်ပြီး 256GB မော်ဒယ်ကိုတော့ ဒေါ်လာ ၈၉၉ နဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။

Ref: gsmarena