လွန်ခဲ့တဲ့ သုံးရက်လောက်က Google Pixel 4a ကို FCC မှာ တွေ့မြင်လိုက်ရတာကြောင့် ဒီဟန်းဆက်ကို မကြာခင်မှာ ကြေညာတော့မယ်လို့ ထင်မှတ်ရပါတယ်။ ပြီးခဲ့တဲ့ မေလတုန်းကတည်းက Pixel 4a ကို ကြေညာမယ်လို့ မျှော်လင့်ခဲ့ကြပေမယ့်လည်း ဇူလိုင်လကို ရွှေ့ဆိုင်းခဲ့တာ ဖြစ်ပါတယ်။

အချိန်ကြာမြင့်စွာ သတင်းထွက်နေခဲ့တဲ့ Google Pixel 4a ဟာ IMDA နဲ့ BIS အသိအမှတ်ပြုလက်မှတ်လည်း လက်ခံရရှိခဲ့ပြီဖြစ်တဲ့အတွက် အမှန်တကယ်မြင်တွေ့ရမယ့်ရက်နဲ့ ပိုပြီးနီးကပ်လာပြီလို့ ဆိုနိုင်ပါတယ်။ Pixel 4a ဟာ အခြား Pixel စမတ်ဖုန်းတွေထက် ပိုပြီးမျှော်လင့်ခံရတယ်လို့ ဆိုနိုင်တဲ့ ထုတ်ကုန်သစ်လို့ဆိုရင်လည်း မမှားပါဘူး။

Google Pixel 4a နဲ့ပတ်သက်တဲ့ အချက်အလက်တွေ အကုန်လုံးနီးပါး သိထားကြပြီဖြစ်ပေမယ့် တရားဝင်မိတ်ဆက်မယ့်ရက်နဲ့ ဈေးနှုန်းအတိအကျကိုတော့ အခုထိ မသိနိုင်သေးတာ ဖြစ်ပါတယ်။ ကနဦးသတင်းတွေအရ Pixel 4a ဟာ $349 (၄သိန်း ၈သောင်းဝန်းကျင်) ထက် လျော့နည်းဖွယ်ရှိတယ်လို့ သိရပါတယ်။

စင်ကာပူရဲ့ IMDA နဲ့ အိန္ဒိယရဲ့ BIS လက်မှတ်တွေကလည်း Pixel 4a နဲ့ပတ်သက်ပြီး ဘာမှထူးထူးခြားခြား မပြသနိုင်ဘဲ မော်ဒယ်နံပါတ် G025N နဲ့ NFC ရှိနေတာ၊ Google Pay ထောက်ပံ့ပေးတာကိုပဲ ပြသနိုင်တာပါ။ ဘယ်လိုပဲဖြစ်ဖြစ် Google အနေနဲ့ Pixel 4a ကို ဇူလိုင်လထဲမှာပဲ မိတ်ဆက်ပြီးဖြန့်ချိတော့မယ်လို့ ယုံကြည်ရပါတယ်။

Ref: Gizmochina