Google ဟာ ပြီးခဲ့တဲ့နှစ် မေလတုန်းက Google Pixel Fold စမတ်ဖုန်းနဲ့ Foldable စမတ်ဖုန်းစျေးကွက်အတွင်းကို စတင်ဝင်ရောက်ခဲ့ပါတယ်။ ဒါကြောင့် ယခုနှစ်အတွင်းမှာလည်း Google Pixel Fold 2 ကို မိတ်ဆက်သွားမှာဖြစ်ပြီး သတင်းအချို့ပါ ပေါက်ကြားလာခဲ့ပါပြီ။

အဆိုပါသတင်းကို Android Authority Website ကနေ ဖော်ပြခဲ့တာဖြစ်ပြီး Google ဟာ Pixel Fold 2 ကို စမ်းသပ်နေတာ အချိန်လပိုင်းခန့်ရှိနေပြီလို့ သိရပါတယ်။ ဒါ့အပြင် Google Pixel Fold 2 မှာ အသုံးပြုလာမယ့် Chipset ရဲ့ Codename က “Zumapro” လို့ နာမည်ပေးထားတဲ့အတွက် လက်ရှိ Pixel 8 Series မှာ ပါဝင်တဲ့ Tensor G3 Chipset အစား ပိုကောင်းမွန်တဲ့ Tensor G4 Chipset ကို အသုံးပြုလာနိုင်ပါတယ်။

Google Tensor G4 Chipset ကို Samsung ကနေပဲ ထုတ်လုပ်ပေးသွားမှာဖြစ်ပြီး ARM Cortex-X4 ၊ A720 နဲ့ A520 Core တွေပါဝင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Performance ပိုင်းမှာ ယခင် Pixel Fold ထက် ပိုကောင်းမွန်တဲ့ 16GB LPDDR5 RAM နဲ့ 256GB UFS 4.0 Storage တွေကို အသုံးပြုလာမယ်လို့ သိရပါတယ်။

Google Pixel Fold 2 ဟာ လက်ရှိအချိန်မှာ Engineering Validation Test (EVT) အဆင့်မှာရှိနေပြီး စျေးကွက်အတွင်းမှာ ထုတ်လုပ်ရောင်းချနိုင်တဲ့အဆင့်ကို ရောက်ရှိဖို့ အချိန်အများအပြားလိုအပ်ဦးမှာဖြစ်ပါတယ်။ ဒါကြောင့် မနှစ်တုန်းကလိုမျိုး မေလအတွင်းမှာ မိတ်ဆက်နိုင်ခြေနည်းပါးနေပြီး Google Pixel 9 Series ဖုန်းတွေနဲ့အတူ လာမယ့် အောက်တိုဘာလအတွင်းမှ အတူတွဲပြီး မြင်တွေ့ရဖွယ်ရှိပါတယ်။

Ref – Gizmo China