Google ကနေ Pixel Foldable ဖုန်းမိတ်ဆက်ဖို့ စီစဥ်နေတယ်ဆိုတဲ့သတင်းဟာ ထွက်ရှိနေတာ အချိန်အတော်ကြာပြီဖြစ်ပါတယ်။ ဒါပေမယ့် ယခုနှစ်မှာ တရားဝင်မိတ်ဆက်ဖို့ စီစဥ်ထားတယ်လို့ သိရပြီး အစောပိုင်းတုန်းက ဖြစ်နိုင်ခြေများတဲ့ Render ဓါတ်ပုံတွေပါ ပေါက်ကြားခဲ့ပါတယ်။

အခုလည်း Google Pixel Fold ဖုန်းနဲ့ ပတ်သက်ပြီး နောက်ထပ်သတင်းတွေ ပေါက်ကြားလာပါပြီ။ ဒါက အလေးချိန်နဲ့ ပတ်သက်ပြီး ပေါက်ကြားခဲ့တာဖြစ်ပြီး Google Pixel Fold ဖုန်းဟာ လက်ရှိ Samsung Galaxy Z Fold4 ဖုန်းထက် အလေးချိန် ပိုလေးမယ်လို့ သိရပါတယ်။ ဒါကလည်း အဓိကအနေနဲ့ Pixel Fold မှာ ပိုပြီး ကြီးမားတဲ့ Battery ပါဝင်လာမှာကြောင့်ဖြစ်ပါတယ်။

Pixel Fold ဖုန်းမှာပါဝင်လာမယ့် Battery Capacity ကို အတိအကျသိရှိရခြင်းမရှိသေးပေမယ့် 5000mAh နီးပါးရှိမယ်လို့ သိရပါတယ်။ လက်ရှိမှာ Android Foldable ဖုန်းတွေဖြစ်တဲ့ Samsung Galaxy Z Fold4 ဖုန်းမှာ 4400mAh Battery ၊ OPPO Find N2 မှာ 4520mAh Battery အသီးသီးပါဝင်တဲ့အတွက် Pixel Fold ဖုန်းဟာ 4700mAh သို့မဟုတ် 4800mAh Battery ပါဝင်မယ်လို့ ယူဆရပါတယ်။

အလေးချိန်အနေနဲ့ Galaxy Z Fold4 ဖုန်းဟာ 263g အလေးချိန်ရှိတာကြောင့် အဲ့ဒီထက် ပိုလေးမယ်ဆိုရင် Pixel Fold ဖုန်းဟာ လက်တစ်ဖက်တည်းကိုင်ထားတဲ့အချိန်မှာ အနည်းငယ် အခက်အခဲရှိနိုင်ပါတယ်။ ဒါပေမယ့် Pixel Fold ဟာ ဖြန့်ပြီး အသုံးပြုတဲ့အချိန်မှာ Galaxy Z Fold4 နဲ့ OPPO Find N2 ဖုန်းတွေထက် Display Size ပိုကြီးမားမယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Google ဟာ လာမယ့် မေလအတွင်းမှာ I/O Developer Conference ကိုပြုလုပ်ဖို့ စီစဥ်နေတာကြောင့် အဆိုပါ Event မှာ Pixel Fold ဖုန်းကို တရားဝင်မိတ်ဆက်လာနိုင်ပါတယ်။

Ref – GSM Arena