ကွန်ပျူတာတွေမှာ Android ဂိမ်းတွေကို ဆော့ကစားဖို့ဆိုတာက ယခင်ကတည်းက ဆောင်ရွက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် Android ဂိမ်းတွေကို တိုက်ရိုက်ဆော့ကစားနိုင်တာမျိူးမဟုတ်ဘဲ Emulator App တွေ အသုံးပြုခဲ့ရပါတယ်။ Microsoft ကနေ Windows 11 မှာ Amazon App Store နဲ့ ပူးပေါင်းပြီး Android App တွေကို Install ပြုလုပ်ခွင့်ပေးထားခဲ့ပေမယ့် လက်ရှိအချိန်အထိ အသုံးပြုသူနည်းပါးနေတုန်းပဲဖြစ်ပါတယ်။
ဒါပေမယ့် အခုချိန်မှာတော့ Google ကိုယ်တိုင်ကနေ Windows PC တွေအတွက် Google Play Games Software ကို Beta Version အနေနဲ့ ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ ဒါကြောင့် Windows ပေါ်မှာ Google Play Games ကို တရားဝင်အသုံးပြုချင်တယ်ဆိုရင် ယခု Link (https://play.google.com/googleplaygames) ကနေ Download ပြုလုပ်ပြီး စမ်းသပ်နိုင်ပြီဖြစ်ပါတယ်။
Google ရဲ့ တရားဝင်ပြောကြားချက်အရ အဆိုပါ Google Play Games ဟာ လက်ရှိအချိန်မှာ စမ်းသပ်ဆဲဖြစ်နေတာကြောင့် Android Play Games မှာလိုမျိုး ဂိမ်းတွေအများအပြားပါဝင်ဦးမှာမဟုတ်သေးဘဲ ဂိမ်းအနည်းငယ်ပဲရှိဦးမှာဖြစ်ပါတယ်။ ဒါ့အပြင် လောလောဆယ်မှာ US ၊ Canada ၊ Maxico ၊ Brazil ၊ Indonesia ၊ Philippines ၊ Malaysia နဲ့ Singapore နိုင်ငံတွေမှာ စတင်စမ်းသပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ Google ကနေ အဆိုပါနိုင်ငံတွေမှာ စမ်းသပ်နေဆဲလို့ ပြောကြားထားပေမယ့်လည်း လက်ရှိအချိန်မှာ လူတိုင်း Download ပြုလုပ်ပြီး အသုံးပြုနိုင်မှာဖြစ်ပါတယ်။
Google Play Games ကို Windows PC မှာ အသုံးပြုဖို့အတွက် Windows 10 နဲ့အထက်ရှိဖို့လိုအပ်ပြီး 10GB အထက် SSD ၊ Intel UHD Graphic 630 နဲ့အထက်၊ Quad-Core CPU နဲ့ 8GB RAM အနည်းဆုံးရှိဖို့လိုအပ်မှာဖြစ်ပါတယ်။ Android Play Games နဲ့ အလိုအလျောက် Game Data တွေကို Sync ပြုလုပ်ပေးသွားမယ့်အတွက် စိတ်ကြိုက် Device မှာ ဆော့ကစားနိုင်မှာပါ။
Ref – Engadget