Google လို့ဆိုလိုက်တာနဲ့ Search Engine အပြင်တခြားသော YouTube ၊ Drive အပါအဝင် Service တွေအများအပြားကို ဝန်ဆောင်မှုပေးနေတဲ့ အကြီးမားဆုံးနည်းပညာကုမ္ပဏီတစ်ခုဆိုတာကတော့ လူတိုင်းသိပြီးဖြစ်မှာပါ။ မြန်မာနိုင်ငံမှာလည်း Google ရဲ့ Search Engine အပါအဝင် တခြားသော Service တွေနဲ့ စိမ်းတဲ့သူတွေလည်းရှိမှာမဟုတ်ပါဘူး။

ဒီလိုမျိုး Search Engine ပိုင်းမှာ Google ဟာ လုံးဝကို ဦးဆောင်ချယ်လှယ်ထားနိုင်နေတယ်ဆိုပေမယ့် EU Region ပိုင်းမှာတော့ Google Search Engine ဟာ တခြားသော Search Engine တွေကို နေရာမပေးဘဲ လက်ဝါးကြီးအုပ်ထားတယ်ဆိုပြီး တရားစွဲဆိုမှုတွေခံနေရတာဖြစ်ပါတယ်။ အဲ့ဒီအတွက်ကို Google ဘက်ကနေ ပြန်လည်ဖြေရှင်းချက်က စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

ဒါကတော့ Google ရဲ့ မူပိုင်ကုမ္ပဏီဖြစ်တဲ့ Alphabet ဘက်က ရှေ့နေကနေ EU General Court မှာ လျှောက်လဲချက်တင်ထားခဲ့တာပဲဖြစ်ပါတယ်။ Google ဘက်ကပြောကြားချက်အရတော့ Google Search ရဲ့ အဓိကပြိုင်ဘက်လို့ပြောနိုင်တဲ့ Microsoft Bing မှာ ရှာဖွေမှုအများဆုံး စကားလုံးက “Google” ဖြစ်တယ်ဆိုပြီး တင်သွင်းခဲ့တာဖြစ်ပါတယ်။

ဒီလိုမျိုး တင်သွင်းခဲ့တာကြောင့် Microsoft Bing လိုမျိုး ပြိုင်ဘက် Search Engine ကို သုံးစွဲနေတယ်ဆိုရင်တောင်မှ အသုံးပြုသူတွေက Google Search ကိုပဲ အသုံးပြုချင်တယ်ဆိုတာကို သက်သေပြသခဲ့တာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ အသုံးပြုသူတွေကို ကောက်ခံတဲ့စစ်တမ်းတွေအရလည်း အသုံးပြုသူတွေက Google ကိုပဲ တခြား Search Engine တွေနဲ့ ယှဥ်ရင် ၉၅ ရာခိုင်နှုန်းအထိ ပိုပြီးရွေးချယ်ခဲ့ကြတာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် EU အပါအဝင် ဘယ်လိုပဲ Google ကို လက်ဝါးကြီးအုပ်ထားတယ်ပြောပါစေ၊ Google Search ကတော့ အသုံးပြုသူတွေကြားထဲမှာ လူသုံးအများဆုံးအဖြစ် ဆက်လက်ရပ်တည်နေဦးမှာကတော့ သေချာပါတယ်။

Ref – 9to5Google