Google ဟာ Android 10 OS မှာ စတင်ပြီးတော့ Call Recording ပြုလုပ်နိုင်မှုကို ပိတ်ပင်နေခဲ့တာဖြစ်ပါတယ်။ အခုလည်း လာမယ့် မေလ ၁၁ ရက်နေ့မှာ စတင်ပြီးတော့ Call Recording ပြုလုပ်နိုင်မှုကို ထပ်မံပိတ်ပင်သွားတော့မှာဖြစ်ပါတယ်။

ဒါကတော့ Google ဟာ လက်ရှိ Play Store မှာရှိတဲ့ Third-party App တွေကို Call Recording အတွက် Accessibility API ကို အသုံးပြုနိုင်မှုကို ပိတ်ချသွားမယ့် Policy အသစ်ကို ချလိုက်တာကြောင့်ဖြစ်ပါတယ်။ အဆိုပါ Policy အသစ်ဟာ မေလ ၁၁ ရက်မှာစတင်မှာဖြစ်တာကြောင့် အဲ့ဒီနောက်ပိုင်းမှာ Android ဖုန်းတွေအနေနဲ့ Call Recording ပြုလုပ်နိုင်ဖို့ ခက်ခဲသွားမှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း Google ကနေ အခုလိုမျိုး ပြောင်းလဲသတ်မှတ်လိုက်တဲ့ Policy အသစ်ဟာ Google Play Store Policy ပဲဖြစ်တာကြောင့် Third-party Call Recording App တွေပဲ ထိရောက်မှာဖြစ်ပါတယ်။ တကယ်လို့ Android ဖုန်းမှာ System Feature အနေနဲ့ Call Recording Feature ပါဝင်မယ်ဆိုရင်တော့ ဆက်လက်ပြီး Call Record ပြုလုပ်နိုင်ဦးမှာဖြစ်ပါတယ်။

ဒါကြောင့် နောက်ပိုင်းမှာ Android ဖုန်းတွေမှာလည်း Call Record ပြုလုပ်နိုင်ဖို့က ပိုပြီးခက်ခဲလာမှာဖြစ်ပြီး Apple iPhone တွေလိုမျိုးပဲ ခက်ခဲလာတော့မယ်လို့ ယူဆရပါတယ်။

Ref – GSM Arena