ဒီနှစ်နှောင်းပိုင်းလောက်မှာ iPhone Fold မိတ်ဆက်မယ်ဆိုပြီး သတင်းတွေ ထွက်နေတာ လအနည်းငယ်လောက် ရှိပါပြီ။ ဒါပေမဲ့ အခုနောက်ဆုံး ကြားရတဲ့ သတင်းကတော့ Apple ဟာ ဒီထက်ပိုပြီး ကျစ်လစ်တဲ့ ပုံစံမျိုးကိုပါ စဉ်းစားနေတယ် ဆိုတာပါပဲ။
Bloomberg သတင်းဌာနက Mark Gurman ရဲ့ ပြောကြားချက်အရ Apple ဟာ “လေးထောင့်စပ်စပ်၊ (clamshell) ပုံစံ iPhone” မျိုးကို ဈေးကွက်တင်ဖို့ ကြံစည်နေပါတယ်။ လက်ရှိမှာတော့ Apple ရဲ့ ဓာတ်ခွဲခန်းတွေထဲမှာ ဒီပုံစံကို စမ်းသပ်လေ့လာမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Gurman အနေနဲ့ iPhone Flip ဘယ်တော့ထွက်မလဲ၊ ဘာတွေပါလာမလဲ ဆိုတဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်မပြောသွားပါဘူး။ တကယ်တမ်း ဈေးကွက်ထဲ ရောက်လာမလား ဆိုတာကလည်း အာမခံချက် မရှိသေးပါဘူး။ Apple အနေနဲ့ အရင်ဆုံး စာအုပ်ပုံစံ iPhone Fold နဲ့ ဈေးကွက်ကို အရင်စမ်းသပ်ပြီး သုံးစွဲသူတွေရဲ့ တုံ့ပြန်မှုကို စောင့်ကြည့်ရဦးမှာပါ။
တကယ်တော့ Flip ပုံစံ ခေါက် iPhone သတင်းတွေ ထွက်နေတာ နှစ်နဲ့ချီ ရှိနေပါပြီ။ အရင်သတင်းတွေတုန်းကဆို Apple ဆီမှာ ရှေ့ပြေးပုံစံ (Prototype) နှစ်ခုတောင် ရှိနေပြီလို့ ပြောကြတာပါ။ တချို့ဆိုရင် စာအုပ်ပုံစံ ခေါက်ဖုန်းမတိုင်ခင် Flip ပုံစံကို အရင်မိတ်ဆက်လိမ့်မယ်လို့တောင် ထင်ကြေးပေးခဲ့ကြပါတယ်။
လွန်ခဲ့တဲ့ သုံးနှစ်လောက်က ထွက်ခဲ့တဲ့ DIY ဗီဒီယိုတစ်ခုမှာတော့ Flip ပုံစံ ခေါက် iPhone ရှေ့ပြေးပုံစံက ဘယ်လိုဖြစ်မလဲဆိုတာ ပြသထားပါတယ်။
Ref: gsmarena