Apple ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ ထုတ်ကုန်သစ် မိတ်ဆက်ပွဲကို လာမယ့် မတ်လ ၄ ရက်နေ့မှာ ကျင်းပသွားတော့မှာပါ။ ဒီပွဲကို နယူးယောက်၊ လန်ဒန်နဲ့ ရှန်ဟိုင်းမြို့တွေမှာ “special Apple Experience” ဆိုတဲ့ နာမည်နဲ့ အထူးပွဲအနေနဲ့ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ထူးခြားတာက ဒီပွဲဟာ အရင်လို စင်မြင့်ထက်ကနေ မိတ်ဆက်တဲ့ပွဲ မဟုတ်ဘဲ မီဒီယာတွေအတွက် သီးသန့်စမ်းသပ်ခွင့်ပေးမယ့် ပွဲမျိုး ဖြစ်နေတာပါပဲ။ ပစ္စည်းသစ်တွေကိုတော့ ပွဲမတိုင်ခင်ရက်တွေမှာ ကြေညာသွားဖို့ ရှိပါတယ်။
Bloomberg သတင်းဌာနက Mark Gurman ရဲ့ ပြောပြချက်အရ မတ်လ ၂ ရက်နေ့ကနေ ၄ ရက်နေ့အတွင်းမှာ သတင်းထုတ်ပြန်ချက်တွေကတစ်ဆင့် ကြေညာသွားမယ်လို့ သိရပါတယ်။ အဲဒီကြေညာချက်တွေထဲမှာ ပရိသတ် စိတ်ဝင်စားနေတဲ့ iPhone 17e နဲ့အတူ iPad နဲ့ MacBook အသစ်တွေ ပါဝင်လာမှာပါ။ Apple A18 ချစ်ပ်သုံးထားတဲ့ အခြေခံအဆင့် iPad အသစ်နဲ့အတူ အစွမ်းထက် Apple M4 ချစ်ပ်ပါဝင်တဲ့ ၁၁ လက်မနဲ့ ၁၃ လက်မ iPad Air မော်ဒယ်သစ်တွေကိုပါ မြင်တွေ့ရဖို့ ရှိနေပါတယ်။

MacBook ပရိသတ်တွေအတွက်လည်း သတင်းကောင်း ရှိပါတယ်။ ကောလာဟလတွေ ထွက်ပေါ်နေတဲ့ A18 Pro ချစ်ပ်သုံး အခြေခံအဆင့် MacBook သစ်ကိုလည်း စတင်မိတ်ဆက်ဖို့ ရှိနေပါတယ်။ ဖိတ်စာမှာ ပါဝင်တဲ့ အဝါ၊ အစိမ်း၊ အပြာ အရောင်တွေအပြင် ပန်းရောင်၊ ငွေရောင်နဲ့ မီးခိုးရင့်ရောင်တွေလို အရောင်လှလှလေးတွေနဲ့ ထွက်လာနိုင်ပါတယ်။ ဒါ့အပြင် ပိုမိုမြန်ဆန်သွက်လက်တဲ့ M5, M5 Pro နဲ့ M5 Max ချစ်ပ်တွေ ပါဝင်တဲ့ MacBook Air နဲ့ Pro မော်ဒယ်သစ်တွေကိုလည်း မိတ်ဆက်သွားဖို့ မျှော်လင့်ရပါတယ်။
Daring Fireball ဘလော့ဂ်က John Gruber ကတော့ Apple ရဲ့ ထုတ်ကုန်သစ်တွေကို တစ်ရက်ချင်းစီ အစဉ်လိုက် မိတ်ဆက်သွားမယ်လို့ စိတ်ဝင်စားစရာ ခန့်မှန်းထားပါတယ်။ သူ့ရဲ့ ခန့်မှန်းချက်အရ တနင်္လာနေ့မှာ iPhone 17e၊ အင်္ဂါနေ့မှာ iPad အသစ်တွေနဲ့ ဗုဒ္ဓဟူးနေ့မှာတော့ MacBook အသစ်တွေကို နေ့စဉ် ဆက်တိုက် ကြေညာသွားနိုင်ခြေ ရှိပါတယ်။
Ref : gsmarena
