Nokia လို့ပြောလိုက်တာနဲ့ ကီးပတ်ဖုန်းလေးတွေနဲ့တွဲပြီး မှတ်မိနေရလောက်တဲ့အထိ အောင်မြင်ခဲ့တဲ့ကုမ္ပဏီကြီးဟာ အခုလို ၂၀၂၀ ပြည့်နှစ်ရောက်နေတဲ့အထိ သူတို့ရဲ့ သင်္ကေတလို့ပြောရမယ့် Feature ဖုန်းတွေကို မစွန့်လွှတ်သေးပါဘူး။ စမတ်ဖုန်းကမ္ဘာကြီးထဲမှာ Nokia ရဲ့ Feature ဖုန်းတွေကို ဆက်လက်ရှင်သန်နေအောင် ကြိုးစားနေဆဲ ဖြစ်ပါတယ်။

HMD ဟာ Feature ဖုန်းအသစ်နှစ်မျိုးအဖြစ် Nokia 125 နဲ့ Nokia 150 တို့ကို ထပ်မံကြေညာလိုက်ပြီ ဖြစ်ပါတယ်။ “Build for the everyday” ဆိုတဲ့ဆောင်ပုဒ်နဲ့အညီ ဒီဟန်းဆက်တွေဟာ ဈေးနှုန်းချိုသာပြီး 2.4-inch မျက်နှာပြင်တွေကိုယ်စီနဲ့ ဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ဈေးကွက်အနည်းငယ်မှာပဲ ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး ပျမ်းမျှဈေးနှုန်းကတော့ $24 ဝန်းကျင်ဖြစ်တဲ့အတွက် မြန်မာငွေနဲ့ဆိုရင် ၃ သောင်း ၄ ထောင်ဝန်းကျင်ပဲ ကျသင့်မှာ ဖြစ်ပါတယ်။

Nokia 125 ဟာ Ergonomic ဒီဇိုင်းနဲ့ ပြုလုပ်ထားတာဖြစ်ပြီး နေ့စဉ်ဘဝအတွက် အကြမ်းခံတဲ့ ပုံစံကို ဖော်ပြနေပါတယ်။ ဘက်ထရီသက်တမ်းကလည်း ကြာရှည်ခံအောင်ပြုလုပ်ပေးထားပြီး သိုလှောင်မှုပမာဏအတွက် အဆက်အသွယ်မှတ်တမ်းပေါင်း နှစ်ထောင်အထိ မှတ်ထားနိုင်သလို၊ SMS စာတိုပေါင်း ၅၀၀ အထိ သိမ်းဆည်းထားနိုင်တယ်လို့ သိရပါတယ်။

Nokia 150 ကတော့ Bluetooth, MP3 player နဲ့ 32GB Storage ပါဝင်ပါတယ်။ VGA ကင်မရာနဲ့ ဖလက်ရှ်လည်း ပါဝင်တာကြောင့် အထိုက်အလျောက်တော့ ဓါတ်ပုံတွေရိုက်ကူးနိုင်မှာပါ။ Nokia 150 ကလည်း Nokia 125 လိုပဲ အကြမ်းခံမာကျောတဲ့ ဒီဇိုင်း၊ Polycarbonate ကိုယ်ထည်နဲ့ ဖွဲ့စည်းထားတယ်လို့ ကုမ္ပဏီက ပြောပါတယ်။

Ref: Gizmochina