Nokia စမတ်ဖုန်းတွေရဲ့ မိခင်ကုမ္ပဏီကြီးဖြစ်တဲ့ HMD Global က သူတို့အနေနဲ့ Flagship ပြိုင်ပွဲကနေ နုတ်ထွက်သွားပြီလို့ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ အကြောင်းရင်းကတော့ ဈေးနှုန်းကန့်သတ်ချက်အမျိုးမျိုးမှာလိုက်ပြီး ထုတ်လုပ်ဖို့အတွက်အဆင်မပြေတော့တာကြောင့် ဖြစ်ပါတယ်။

“အခုအချိန်မှာ ဒေါ်လာ ၈၀၀ ဖုန်းတစ်လုံးကို ဖန်တီးတာဟာ ကျွန်တော်တို့အတွက် အဓိပ္ပါယ်မရှိပါဘူး” လို့ HMD ရဲ့ Glabal Product Marketing အကြီးအကဲ Adam Ferguson က Android Authority နဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့တာပါ။ ဒါဟာ Nokia အမှတ်တံဆိပ် Flagship ဖုန်းကိုမှ နှစ်သက်တဲ့သူတွေအတွက်တော့ ဝမ်းနည်းစရာသတင်းပဲ ဖြစ်ပါလိမ့်မယ်။

Nokia 9 PureView ကို ၂၀၁၉ ခုနှစ်မှာ စတင်ရောင်းချခဲ့ပြီး ဒီအမှတ်တံဆိပ်နဲ့အတူ ပရီမီယံကင်မရာဖုန်းဈေးကွက်ကို ပြန်လည်ရောက်ရှိဖို့ ကုမ္ပဏီရဲ့ကြိုးပမ်းမှုတစ်ခုလည်း ဖြစ်ပါတယ်။ ကံမကောင်းအကြောင်းမလှစွာနဲ့ပဲ PureView အသစ်ဟာ ကြီးမားတဲ့အောင်မြင်မှုကိုမရရှိခဲ့ဘဲ နောက်ဆက်တွဲတွေကလည်း နှောင့်နှေးမှုတွေနဲ့အတူ မရေရာတဲ့ကောလာဟလတွေကြားမှာသာ ရှိနေတော့တာ ဖြစ်ပါတယ်။

HMD ဟာ လက်ရှိအချိန်မှာ သူ့ရဲ့အဓိကစီးပွားရေ:လုပ်ငန်းဖြစ်တဲ့ Entry-level နဲ့ Mid-range စမတ်ဖုန်းတွေနဲ့ Feature ဖုန်းတွေကိုပဲ အာရုံစိုက်သွားတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် နှစ်ပေါင်းများစွာအသုံးခံ၊ ရက်ပေါင်းများစွာကြာရှည်ခံတဲ့ ဘက်ထရီတွေနဲ့ အထင်ကရဖြစ်ခဲ့တဲ့ Nokia ရဲ့ အစဉ်အလာကို ဆက်ပြီးထိန်းသိမ်းသွားနိုင်မလားဆိုတာကို စောင့်ကြည့်ရတော့မှာလည်း ဖြစ်ပါတယ်။

အခုအချိန်အထိလည်း HMD ရဲ့ ဗျူဟာသစ်ဟာ အလုပ်ဖြစ်နေတာကို တွေ့မြင်ရပါတယ်။ HMD ဟာ Q3 2021 နဲ့ Q4 2021 တို့မှာ အမြတ်အစွန်းတွေရခဲ့ပြီး ကုမ္ပဏီရဲ့ သမိုင်းကြောင်းမှာ အမြတ်အစွန်းအများဆုံး သုံးလပတ်တွေ ဖြစ်ခဲ့ပါတယ်။ HMD ဟာ IoT data roaming နဲ့ SIM management လိုမျိုး ဝန်ဆောင်မှုတွေကို အာရုံစိုက်မဲ့ သီးခြားဌာနခွဲတစ်ခု တည်ထောင်သွားမယ်လို့လည်း သိရပါတယ်။

Ref: GSM Arena