Huawei ရဲ့ အမှတ်တံဆိပ်ခွဲဖြစ်တဲ့ Honor ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက 20S ကို ဖြန့်ချိခဲ့ပါတယ်။ ကုမ္ပဏီအနေနဲ့ သိပ်မကြာခင် Honor 30S ကိုလည်း ဖြန့်ချိလာတော့မယ်လို့ ခန့်မှန်းရပါတယ်။ တရုတ်အခြေစိုက် ကုမ္ပဏီကြီးကတော့ 30S နဲ့ပတ်သက်တဲ့ အကြောင်းကို ထုတ်ပြန်ခြင်းမရှိသေးပေမယ့် ပြင်ပမှာတော့ Render ပုံက ပျံ့နှံ့နေပြီ ဖြစ်ပါတယ်။

Honor 30S ဟာ ကျောဘက်မှာ စတုဂံပုံစံကင်မရာအိမ်ဖွဲ့စည်းမှုနဲ့ ထုတ်လုပ်လာမှာ ဖြစ်ပါတယ်။ 20S မှာ ကျောဘက်ကင်မရာ သုံးလုံးပါဝင်ခဲ့တာကြောင့် 30S မှာလည်း ကျောဘက်ကင်မရာဟာ အနည်းဆုံး သုံးလုံးရှိမယ်လို့ ခန့်မှန်းရပြီး ဒါထက်လည်း ပိုလာနိုင်ပါတယ်။ Render အရ Fingerprint scanner ဟာ ကျောဘက်မှာမဟုတ်ဘဲ ဘေးဘက်မှာပဲ ရှိနေတာကို တွေ့ရပါတယ်။

တရုတ်လူမှုကွန်ရက် Weibo မှာ ပျံ့နှံ့နေတဲ့ ဓာတ်ပုံအရ Honor 30S ဟာ 5G ကွန်ရက် ချိတ်ဆက်နိုင်တာကိုလည်း သိရပါတယ်။ ကုမ္ပဏီဟာ 30S ရဲ့ Render ပုံတွေကို Sprite ပုလင်းတွေပေါ်မှာ ရိုက်နှိပ်ဖော်ပြပြီး ပရိုမိုးရှင်းပြုလုပ်နေတာ ဖြစ်ပါတယ်။ ပရိုမိုးရှင်းပုံမှာ 5G ကွန်ရက်ချိတ်ဆက်အသုံးပြုနိုင်ကြောင်းလည်း ထည့်သွင်းရေးသားဖော်ပြထားတာ ဖြစ်ပါတယ်။

ကောလာဟလတွေအရ Honor 30S မှာ Kirin 820 SoC အသုံးပြုထားမယ်လို့ သိရပါတယ်။ Honor 10X မှာလည်း အလားတူ SoC ကို သုံးထားမယ်လို့ သတင်းထွက်ထားပေမယ့် ဒီသတင်းနှစ်ခုစလုံးက အတည်ပြုချက်မရသေးတာလည်း ဖြစ်ပါတယ်။ Mid-range ဖုန်းတစ်လုံးအနေနဲ့ Kirin 990 ကို မျှော်မှန်းဖို့ ဝေးနေတာကြောင့် ဒီကောလာဟလက အမှန်ဖြစ်လာဖို့ နီးစပ်တယ်ပဲ ဆိုရမှာပါ။

Ref: GSM Arena