ကြိုတင်ကြေညာထားတဲ့အတိုင်း Honor ကုမ္ပဏီဟာ တရုတ်ပြည်တွင်းဈေးကွက်အတွက် Play 4T စီးရီးအသစ်ကို မိတ်ဆက်လာခဲ့ပါတယ်။ Honor Play 4T Pro နဲ့ Honor Play 4T နှစ်လုံးစလုံးမှာ 48MP အဓိကကင်မရာတွေနဲ့ 4,000 mAh ဘက္ထရီတွေ ပါဝင်လာပါတယ်။

Honor Play 4T Pro မှာ 6.3” လက်မအရွယ် AMOLED Display ပါဝင်လာပြီး Fingerprint ကိုလည်း In-display ပဲ ထည့်သွင်းလာပါတယ်။ Waterdrop Notch ထဲမှာတော့ 16MP ဆဲလ်ဖီကင်မရာတစ်လုံးပါဝင်ကာ နောက်ဖက်မှာ 48MP အဓိက Sensor ကို 8MP Ultrawide နဲ့ 2MP Depth Sensor တို့ဖြင့် တွဲဖက်ထားပါတယ်။

အတွင်းမှာတော့ 4T Pro ဟာ 7nm Kirin 810 ချစ်ပ်ဆက်ကိုအသုံးပြုထားပါတယ်။ ဘက္ထရီကတော့ 4,000 mAh ကို 22.5W အားသွင်းစနစ်နဲ့ပါ။ Honor Play 4T Pro ဖုန်းဟာ 6/128GB မော်ဒယ်အတွက် တရုတ်ယွမ် ၁၄၉၉ (မြန်မာငွေ သုံးသိန်း) နဲ့ 8/128GB ဗားရှင်းအတွက် တရုတ်ယွမ် ၁၆၉၉ (မြန်မာငွေ သုံးသိန်းလေးသောင်း) ကျသင့်မှာဖြစ်ပါတယ်။

Honor Play 4T ကတော့ Pro ဗားရှင်းထက် အနည်းငယ်သာ ဝိတ်လျှော့ထားသလို ဈေးလည်း ပိုသက်သာပါတယ်။ သူ့မှာ 6.3” လက်မ IPS LCD Display တစ်ခုပါဝင်ပြီး 8MP ဆဲလ်ဖီကင်မရာကိုတော့ Punch-hole စတိုင်လ်နဲ့ ထည့်သွင်းလာပါတယ်။

နောက်ဖက်မှာ ကင်မရာနှစ်လုံးသာ ပါဝင်ပြီး 48MP + 2MP Depth Sensor တို့ဖြစ်ပါတယ်။ Fingerprint ကိုလည်း နောက်ကျောမှာပဲ ထည့်သွင်းလာတယ်။ အတွင်းမှာ Kirin 710A ချစ်ပ်ဆက်ကို အသုံးပြုထားကာ မန်မိုရီက 6/128GB တစ်မျိုးပဲ တွေ့ရပါတယ်။ 4,000 mAh ဘက္ထရီကလည်း ရိုးရိုးအားသွင်းစနစ်နဲ့ပဲ ပါလာပါတယ်။

Honor Play 4T ဖုန်းဟာ ဧပြီလ ၂၁ ရက်နေ့မှာ ပထမဆုံးအကြိမ်ရောင်းချမှာဖြစ်ပြီး ၁၄ ရက်နေ့ကနေ ကြိုတင်မှာယူနိုင်မှာပါ။ ဈေးနှုန်းကတော့ တရုတ်ယွမ် ၁၉၉ (မြန်မာငွေ နှစ်သိန်းခွဲနီးပါး) သာ ရှိပါတယ်။ လောလောဆယ် နိုင်ငံတကာဈေးကွက်ကို မိတ်ဆက်ဖို့ မပြောသေးပါဘူး။

Ref – GSM Arena