လာမယ့် MWC နည်းပညာပွဲကြီးမှာ Honor က Magic V6 ခေါက်ဖုန်းနဲ့ Robot Phone ကို မိတ်ဆက်သွားမယ်လို့ အတည်ပြုထားပြီး ဖြစ်ပါတယ်။ အခုအခါမှာတော့ အဲဒီပွဲမှာ ပရိသတ်တွေကို အံ့သြသွားစေမယ့် အစီအစဉ်သစ်တွေကို ထပ်မံကြေညာလိုက်ပါတယ်။ အဲဒီအထဲမှာ အထူးခြားဆုံးကတော့ Honor ရဲ့ ပထမဆုံး လူတူစက်ရုပ်တစ်ရုပ် ပါဝင်လာတာပဲ ဖြစ်ပါတယ်။
Honor Magic V6 ဟာ ဈေးကွက်ထဲမှာ ဘက်ထရီအကြီးဆုံး ခေါက်ဖုန်းအဖြစ် စံချိန်သစ် တင်နိုင်ဖို့ ရှိနေပါတယ်။ ဒါ့အပြင် အလွန်ပါးလွှာတဲ့ ဒီဇိုင်းနဲ့ AI နည်းပညာတွေ အပြည့်အဝ ပါဝင်လာမယ့် MagicPad4 တက်ဘလက်နဲ့ MagicBook Pro 14 လက်ပ်တော့တွေကိုလည်း တစ်ပါတည်း မိတ်ဆက်သွားမှာပါ။ ဒါပေမယ့် လူတိုင်းရဲ့ အာရုံစိုက်မှုကို အများဆုံး ရရှိသွားတာကတော့ အစမ်းဗီဒီယိုလေးနဲ့သာ အရိပ်အမြွက် ပြသထားသေးတဲ့ အဲဒီ လူတူစက်ရုပ်သစ်ကြီးပဲ ဖြစ်ပါတယ်။
Honor ဟာ AI နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုတွေ အများကြီး ပြုလုပ်ထားပါတယ်။ လူတူ စက်ရုပ်တွေ တည်ဆောက်ရတာဟာ သာမန် AI တွေလို အင်တာနက်ပေါ်က ဒေတာတွေကို အလွယ်တကူ ရယူသင်ကြားပေးလို့ မရတဲ့အတွက် အများကြီး ပိုပြီး ခက်ခဲပါတယ်။ ပြီးခဲ့တဲ့နှစ် MWC ပွဲမှာ စတင်ခဲ့တဲ့ Alpha Plan ကို အခြေခံပြီး ဒီနှစ်မှာတော့ လူသားတွေနဲ့ စက်ရုပ်တွေ ဟန်ချက်ညီညီ ပူးပေါင်းလုပ်ဆောင်နိုင်မယ့် အနာဂတ် ရည်မှန်းချက်တွေကို အကောင်အထည်ဖော် ပြသသွားတော့မှာပါ။
Ref : gsmarena
