Honor ကတော့ Huawei ရဲ့ လောင်းရိပ်အောက်က ထွက်ပြီးတဲ့နောက် သူတို့ရဲ့အမြင့်ပျံခရီးကို စတင်နေပြီပဲ ဖြစ်ပါတယ်။ Honor V40 ဟာ အမှီအခိုကင်းမဲ့ပြီး လွတ်လပ်တဲ့ကုမ္ပဏီတစ်ခုအဖြစ် စတင်ပြီးချိန်မှာ ပွဲဦးထွက်ခဲ့တဲ့ Flagship စမတ်ဖုန်းလည်း ဖြစ်ပါတယ်။

Honor ရဲ့ ပွဲဦးထွက်ဟာ Google Mobile Service တွေမပါဝင်တာကတော့ သုံးစွဲသူတွေအတွက် မချင့်မရဲဖြစ်စေရသလို၊ ကုမ္ပဏီကိုယ်တိုင်ကလည်း ကျေနပ်နှစ်သိမ့်နိုင်ခြင်းမရှိခဲ့ဘူးလို့ ယုံကြည်ရပါတယ်။ ဒါကြောင့် ၂၀၂၀ တတိယသုံးလပတ်အထိ ထိပ်တန်းစမတ်ဖုန်းအမှတ်တံဆိပ် ၅ ခုထဲမှာ မပါဝင်သေးတဲ့ Honor ဟာ လိုအပ်ချက်တွေရှိနေသေးတယ်ဆိုတာကို ပြသနေပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အမှတ်တံဆိပ်တစ်ခုအနေနဲ့ အမြင့်ပျံမယ်ဆိုရင်တော့ ယခင်မိခင်ကုမ္ပဏီဟောင်းရဲ့ ခြေရာလက်ရာတွေမပါဝင်ဘဲ အသစ်တီထွင်ထားတဲ့ ထုတ်ကုန်တွေကိုအသုံးပြုဖို့တော့ လိုအပ်ပါလိမ့်မယ်။ ဆိုလိုတာက Rebadged product လိုပုံစံမျိုး လုပ်လို့မရပါဘူး။ ဒါကိုလည်း Honor ရဲ့ CEO က ယုံကြည်ချက်အပြည့် ရှိနေပုံပါပဲ။

မကြာသေးခင်ကပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာတော့ Honor ရဲ့ ဦးဆောင်သူ Zhao Ming က သူတို့ဟာ Huawei ရဲ့ ကန့်သတ်ချက်တွေနဲ့ မပတ်သက်တော့ကြောင်း၊ ဒီနှစ်ရဲ့အဓိကရည်မှန်းချက်ဟာ Apple နဲ့ Huawei တို့ကို ယှဉ်ပြိုင်နိုင်တဲ့ Flagship တွေကို စတင်ဖို့ဖြစ်ကြောင်း ဖွင့်ဟပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် Honor အနေနဲ့ Huawei အပါအဝင် ပြိုင်ဘက်တွေကို ကျော်တက်နိုင်တဲ့ ကုမ္ပဏီဖြစ်ဖို့ ရည်ရွယ်ထားကြောင်းလည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

Honor အနေနဲ့ ဒီနှစ်ကမ္ဘာ့ဈေးကွက်အတွက် Flagship device သုံးမျိုးကို မိတ်ဆက်ပေးဖို့ စီစဉ်နေကြောင်း လွန်ခဲ့တဲ့ရက်သတ္တပတ်ကထွက်ပေါ်ခဲ့တဲ့ ယိုစိမ့်သတင်းတစ်ခုမှာ ဖော်ပြခဲ့ဖူးပါတယ်။ ဒီ Flagship device တွေကတော့ Honor View40, Honor 40 နဲ့ Honor Magic တို့ဖြစ်တယ်လို့ သိရပါတယ်။

Ref: Gizmochina