Hot Wheels လို့ဆိုလိုက်တာနဲ့ ကလေးငယ်တွေအပြင် မော်တော်ကားဝါသနာပါတဲ့သူတွေအတွက် အရုပ်ကားလေးတွေကို ထုတ်နေတဲ့ ကုမ္ပဏီတစ်ခုဆိုတာကို သိကြမှာပါ။ အခုအချိန်မှာတော့ Hot Wheels ကုမ္ပဏီဟာ တကယ့်အပြင်မှာပါ ထုတ်ယူနိုင်တဲ့ NFT Collectibles တွေကို ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။
Hot Wheels ကနေ ထုတ်လုပ်လိုက်တဲ့ NFT Collectibles ကိုတော့ NFT Garage လို့ နာမည်ပေးထားပြီးတော့ 4-pack နဲ့ 10-pack ဆိုပြီး ၂ မျိုးဝယ်ယူနိုင်မှာဖြစ်ပါတယ်။ အဆိုပါ NFT Collectibles တွေဟာ Pack အနေနဲ့ဖြစ်တာကြောင့် ကိုယ်ရရှိမယ့် NFT Card ကို ကြိုတင်သိရှိနိုင်မှာမဟုတ်ဘဲ Base ၊ Rare ၊ Premium နဲ့ NFTH ဆိုပြီး ၄ မျိုးခွဲခြားထားမှာဖြစ်ပါတယ်။
တကယ်လို့ ကိုယ်ရရှိတဲ့ NFT က Premium သို့မဟုတ် NFTH အမျိုးအစားဆိုရင်တော့ အပြင်မှာပါ အဆိုပါ NFT ထဲက ကားကိုပါရရှိဦးမယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း Premium ကို ရရှိဖို့က ၄.၉၄ ရာခိုင်နှုန်း နဲ့ NFTH ကိုရရှိဖို့က ၀.၆၂ ရာခိုင်နှုန်းပဲ ရှိမှာဖြစ်ပါတယ်။
နောက်ထပ် Hot Wheels NFT တွေရဲ့ အားသာချက်ကတော့ WAX Blockchain နည်းပညာကို အသုံးပြုထားတာဖြစ်ပါတယ်။ လောလောဆယ်မှာ Cryptocurrency တွေကို သဘာဝပတ်ဝန်းကျင်ထိခိုက်တယ်ဆိုပြီး ဝေဖန်မှုတွေများပြားနေပေမယ့် WAX နည်းပညာဟာ Carbon Neutral နည်းပညာကြောင့် ပတ်ဝန်းကျင်ကို ထိခိုက်မှုရှိစေမှာမဟုတ်ပါဘူး။
Ref – Motor Trend