ဗြိတိန် အစိုးရက Local Carriers တွေအတွက် Huawei ရဲ့ 5G ကွန်ရက် ကိရိယာတွေကို ပိတ်ပင်လိုက်ပါတယ်။ ဒီဇင်ဘာလ ၃၁ ရက်ကစပြီး ဗြိတိန်က Telecom Operator တွေဟာ Huawei 5G ကိရိယာတွေကို ဝယ်ယူ အသုံးပြုလို့ မရတော့ပါဘူး။

အဲဒီဆုံးဖြတ်ချက်ကို အမျိုးသား လုံခြုံရေး ကောင်စီနဲ့ အစည်းအဝေး ၁ ခုမှာ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က လက်မှတ်ထိုး အတည်ပြုလိုက်တာ ဖြစ်ပြီး လက်ရှိ တပ်ဆင်ထားတဲ့ Huawei 5G ကိရိယာတွေကို ၂၀၂၇ ခုနှစ်မှာ ဖယ်ရှားရမှာ ဖြစ်ပါတယ်။

အမေရိကန်က Huawei နဲ့ ကုမ္ပဏီရဲ့ Chipset တွေကို မေလ အစောပိုင်းမှာ ပိတ်ပင်ခဲ့ပြီးနောက် ဗြိတိန် အမျိုးသား ဆိုက်ဘာ လုံခြုံရေး စင်တာရဲ့ အကြံပြုချက်အရ ဒီလို ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ ဗြိတိန် အစိုးရက ဇန်နဝါရီလတုန်းကတော့ Huawei 5G ကိရိယာတွေကို အသုံးပြုဖို့ စဉ်းစားခဲ့ပါသေးတယ်။

Huawei UK က အဲဒါနဲ့ ပတ်သက်ပြီး တုန့်ပြန်ချက် စာ ၁ စောင်ကို ထုတ်ပြန်လိုက်ပါတယ်။ Huawei က “ ဒီစိတ်ပျက်စရာ ဆုံးဖြတ်ချက်ဟာ ဗြိတိန်က မိုဘိုင်းဖုန်း ကိုင်သူတိုင်းအတွက် ဝမ်းနည်းစရာ သတင်းပါ။ ဒစ်ဂျစ်တယ် လောကမှာ ဗြိတိန်ဟာ နောက်ကျကျန်သွားနိုင်ပါတယ်။ ဒီဆုံးဖြတ်ချက်ကို ပြန်လည် စဉ်းစားဖို့ အကြံပေးချင်ပါတယ်။ “ လို့ ရေးသားထားပါတယ်။

Ref : gsmarena