Sony, LG, Nvidia, Ericsson, Vivo, ZTE, Intel, Nokia, MediaTek စတဲ့ကုမ္ပဏီတွေကတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် MWC 2020 မှာ ပါဝင်ပြသခြင်းမရှိတော့ဘူးလို့ ကြေညာခဲ့ကြပါပြီ။ ဒါပေမယ့် တရုတ်နိုင်ငံရဲ့ မျက်နှာဖုံး နည်းပညာကုမ္ပဏီလို့ဆိုရမယ့် Huawei ကတော့ ဘာစီလိုနာက ပြပွဲကို မပျက်မကွက် ဝင်ရောက်ဆင်နွှဲမှာ ဖြစ်ပါတယ်။

Huawei ဟာ MWC 2020 မှာ ပြသမယ့် ထုတ်ကုန်တွေအကြောင်းကိုတောင် Teaser တွေ လွှတ်နေပါပြီ။ ဒီပွဲမှာ တရုတ်အခြေစိုက်နည်းပညာကုမ္ပဏီကြီးဟာ Foldable စမတ်ဖုန်းကိုလည်း ထည့်သွင်းပြသသွားမယ်လို့ သိရပါတယ်။ Teaser အရဆိုရင်တော့ Huawei ဟာ 1+8+N မဟာဗျူဟာအကြောင်း ပြသမယ်လို့ ယူဆရပါတယ်။

“1” ကတော့ အားလုံးကိုထိန်းချုပ်လို့ရတဲ့ Device ကို ရည်ညွှန်းတာပါ။ သေးငယ်တဲ့၊ သယ်ဆောင်ရလွယ်ကူတဲ့၊ သုံးစွဲရလွယ်ကူတဲ့ စမတ်ဖုန်းကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ “8” ကတော့ ပိုကြီးတဲ့ Device ဒါမှမဟုတ် Access point ကို ရည်ညွှန်းတယ်လို့ ယူဆရပါတယ်။ တက်ဘလက် နဲ့ စမတ်နာရီတွေအပါအဝင် စမတ်ဖုန်းသုံးစွဲမှုအတွေ့အကြုံကို မြှင့်တင်နိုင်တဲ့ Device ကို ရည်ညွှန်းတာဖြစ်ပါတယ်။

“N” ကတော့ အရာအားလုံးအတူတကွ ရှိမယ့်အလွှာ (ဒါမှမဟုတ်) ကွန်ရက်နဲ့ ကုမ္ပဏီရဲ့ IoT devices တွေကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ ပုံထဲမှာလည်း လက်ပ်တော့ပ်၊ တက်ဘလက်၊ တီဗီ၊ နားကြပ်၊ နာရီ၊ VR မျက်မှန်၊ မော်တော်ကားနဲ့ စပီကာ စတဲ့အရာဝတ္ထု ရှစ်မျိုးကို ထည့်သွင်းပြသထားပါသေးတယ်။ ဒါကြောင့် ပြပွဲမှာ ဒီအမျိုးအစား ရှစ်မျိုးနဲ့ ဆက်နွယ်တဲ့ ထုတ်ကုန်တွေကို မြင်ရနိုင်ပါတယ်။ Teaser ပုံထဲက စမတ်ဖုန်းဟာ နှစ်ပိုင်းခွဲထားတာဖြစ်တဲ့အတွက် Foldable စမတ်ဖုန်းလို့ ယူဆနိုင်ပါတယ်။

Ref: Gizmochina