ပြီးခဲ့တဲ့တစ်ပတ်တုန်းက အမေရိကန်ရဲ့ပိတ်ဆို့မှုကြောင့် TSMC ဆီကနေ Chip ဝယ်ဖို့ အခက်တွေ့ခဲ့ရတဲ့ Huawei ကို Samsung က အပေးအယူလုပ်ဖို့ ကမ်းလှမ်းကြောင်း သတင်းထွက်ခဲ့ပါတယ်။ အခုအသစ်ထွက်လာတဲ့သတင်းတွေအရ Huawei အနေနဲ့ ၂၀၂၀ ခုနှစ်မှာ Flagship စမတ်ဖုန်းတွေ ထုတ်လုပ်ရောင်းချမှုမှာ နှောင့်နှေးခြင်းတွေ ဖြစ်ပေါ်လာလိမ့်မယ်လို့ သိရပါတယ်။
Huawei ဟာ ထောက်ပံ့ရေးကွင်းဆက် ပြတ်တောက်မှုတွေကို ထည့်သွင်းတွက်ချက်လာတဲ့အတွက် Flagship တွေကို ထုတ်လုပ်ရာမှာ ကြန့်ကြာမှုအချို့ ရှိလာတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကုမ္ပဏီကလည်း လာမယ့် Huawei Mate 40 စီးရီးတွေအတွက် အစိတ်အပိုင်းထုတ်လုပ်မှုအချို့ကို ရပ်တန့်ဖို့တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ လာမယ့် သုံးလပတ်အတွက် အမှာစာတွေကိုလည်း ချုံ့ထားတယ်လို့ ဆိုပါတယ်။
တရုတ်အခြေစိုက်ကုမ္ပဏီကြီးဟာ သူတို့ရဲ့ Premium grade ဟန်းဆက်တွေကို ဒုတိယနှစ်ဝက်မှာ ပုံမှန်မိတ်ဆက်နေကျဖြစ်ပေမယ့် ဒီနှစ်မှာတော့ အပြောင်းအလဲဖြစ်လာမလားဆိုတာကို စောင့်ကြည့်ဖို့လိုလာပါပြီ။ ပုံမှန်မိတ်ဆက်နေကျအချိန်ဟာ Apple ရဲ့ နောက်ဆုံးပေါ် iPhone စီးရီးတွေကို မိတ်ဆက်ပေးတဲ့အချိန်နဲ့ သိပ်ပြီးမကွာဟအောင် ချိန်သားကိုက်ထားတာဖြစ်ပါတယ်။
Huawei ဟာ ကိုယ်ပိုင် Chip တွေကို ဒီဇိုင်းဆွဲပေမယ့် TSMC ကနေ ထုတ်လုပ်ပေးတာဖြစ်တဲ့အတွက်၊ ဒီပြဿနာကို ရေတိုနည်းနဲ့မဟုတ်ဘဲ ပြေလည်အောင်ဖြေရှင်းဖို့ လိုအပ်နေတာဖြစ်ပါတယ်။ ဒါကြောင့် ဒေသတွင်း Semiconductor ထုတ်လုပ်မှုကုမ္ပဏီတွေမှာ ရင်းနှီးမြှုပ်နှံဖို့လည်း လိုအပ်နေတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် Huawei အနေနဲ့ Mate စီးရီးတွေကို အကြီးအကျယ်ထုတ်လုပ်ဖို့အတွက် အနည်းဆုံး၊ တစ်လ ဒါမှမဟုတ် နှစ်လတော့ ရွှေ့ဆိုင်းရဖွယ်ရှိတယ်လို့ သတင်းထွက်နေတာပါ။
Ref: Gizmochina