ခေတ်သစ်စမတ်ဖုန်းလောကမှာ Huawei ဟာ ဦးဆောင်မဟုတ်ပေမယ့် နောက်မှာကျန်ခဲ့တဲ့ အမှတ်တံဆိပ်တော့မဟုတ်ပါဘူး။ 5G နည်းပညာအတွက်လည်း Huawei စမတ်ဖုန်းတွေက အဆင်သင့် ဖြစ်နေပါတယ်။ ခေတ်ပေါ်နည်းပညာ Foldable နည်းပညာဆိုရင်လည်း လက်တွေ့အကောင်အထည်ဖော်ပြထားပြီး ဖြစ်ပါတယ်။

Huawei မှာ Mate X နဲ့ Mate Xs တို့လို Foldable ဖုန်းနှစ်မျိုးနဲ့ ကြီးကြီးမားမားလုပ်ပြထားနိုင်တာတွေရှိပေမယ့် ဈေးကွက်ကိုထိုးဖောက်မယ့် နောက်ထပ်ဒီဇိုင်းသစ်တွေကို ကြံစည်နေတယ်လို့ ဆိုရမှာပါ။ ပြောင်းလွယ်ပြင်လွယ်တဲ့ မျက်နှာပြင်ကို အသုံးပြုပြီး နောက်ထပ်ဒီဇိုင်းသစ်နဲ့ စမတ်ဖုန်းအတွက် မူပိုင်ခွင့်လျှောက်ထားတာက သက်သေပဲ ဖြစ်ပါတယ်။

Huawei က မူပိုင်ခွင့်တင်ထားတဲ့ ရုပ်ပုံတွေဟာ Sliding display ဒီဇိုင်းကို ပြသထားတာပါ။ မော်ဒယ်နှစ်မျိုးစလုံးဟာ ကျောဘက်ကမျက်နှာပြင်ကို အရှေ့ဘက်ဆီ တိုးချဲ့လို့ရတဲ့ ဒီဇိုင်းမျိုးလို့ ဆိုရပါလိမ့်မယ်။ ဒါပေမယ့် အဓိကဖွဲ့စည်းတည်ဆောက်ပုံကတော့ ကွဲပြားခြားနားတာကို တွေ့ရပါတယ်။

ပထမမော်ဒယ်ဟာ Frame မှာ Scroller အချို့ရှိနေပါတယ်။ ဒါက Panel ရဲ့ အထူကိုပြောင်းလဲခြင်းမရှိဘဲ တိုးချဲ့နိုင်အောင် ထောက်ပံ့ပေးတယ်လို့ ဆိုပါတယ်။ Panel ဟာ ရိုးရှင်းစွာနဲ့ပဲ ရှေ့ဘက်ကို ထွက်သွားမယ့် ပုံစံမျိုးပါ။ ဒုတိယမော်ဒယ်ကတော့ နောက်ပိုင်းတစ်ခုလုံးကို မျက်နှာပြင်အနေနဲ့ ပြသထားတာကို တွေ့မြင်ရပါတယ်။

လက်ရှိမြင်တွေ့ရတာကတော့ မူပိုင်ခွင့်အတွက် ဒီဇိုင်းမှတ်ပုံတင်တာပါ။ ဒါကြောင့် ထုတ်ကုန်အဖြစ် အမှန်တကယ်ထွက်လာမယ်၊ ထွက်မလာဘူးဆိုတာတော့ အချိန်ကအဖြေပေးသွားပါလိမ့်မယ်။

Ref: GSM Arena