HUAWEI ရဲ့ စမတ်ဖုန်းလုပ်ငန်း လည်ပတ်မှုရပ်တန့်လုနီးပါးဖြစ်သွားတာ ၂ နှစ် ၃ နှစ် နီးပါးရှိပါပြီ။ ဈေးကွက်ဝေစုမှာ Apple ရဲ့အထက်၊ Samsung ရဲ့ အောက်ကို ရောက်နေတဲ့ HUAWEI ဟာ ပိတ်ဆို့မှုတွေအောက်ကျရောက်သွားပြီးတဲ့နောက် ပြန်လည်ထူထောင်နိုင်ဖို့ ရုန်းကန်နေခဲ့ရတာ ဖြစ်ပါတယ်။

လာမဲ့ စက်တင်ဘာလ ၆ ရက်နေ့မှာတော့ HUAWEI ဟာ ထုတ်ကုန်သစ် မိတ်ဆက်ပွဲ ပြုလုပ်မယ်လို့ သိရပါတယ်။ ဒီမိတ်ဆက်ပွဲမှာ ကုမ္ပဏီရဲ့ မျိုးဆက်သစ် အဆင့်မြင့်စမတ်ဖုန်းဖြစ်တဲ့ HUAWEI Mate 50 ကို ပြသမယ်လို့လည်း သိရပါတယ်။ နောက်ပိုင်းမှာတော့ Mate 50E, Mate 50 Pro နဲ့ Mate 50 RS Porsche ဒီဇိုင်း လေးမျိုးလည်း ထွက်ရှိလာမှာ ဖြစ်ပါတယ်။

HUAWEI ဟာ ထုတ်ကုန်သစ်အကြောင်းကို ပြီးခဲ့တဲ့ သြဂုတ်လ ၂၂ ရက်နေ့မှာ တရားဝင်ကြေညာလိုက်တာဖြစ်ပြီး ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်အပါအဝင် အခြား e-commerce ပလက်ဖောင်းတွေမှာလည်း Pre-order တွေ လက်ခံနေခဲ့ပါတယ်။ လက်ရှိဒီသတင်းကို ဖော်ပြထားချိန်မှာတော့ Pre order က တစ်သန်းကျော်သွားပြီလို့ Gizchina က ရေးသားထားပါတယ်။

HUAWEI Mate 50 E မှာ Snapdragon 778 4G processor အသုံးပြုထားပြီး Mate 50 နဲ့ Mate 50 Pro တို့မှာတော့ Snapdragon 8 Gen 1 4G processor ကို အသုံးပြုထားမယ်လို့ သတင်းဖော်ပြချက်မှာ တွေ့ရပါတယ်။ ဒီ Chip တွေဟာ 5G ကို မထောက်ပံ့ပေမဲ့လည်း Mate 50 စီးရီးဟာ 5G communication shell ကတစ်ဆင့် 5G ကွန်ရက်တွေကို အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

HUAWEI Mate 50 စီးရီးမှာ 1/1.5-inch 50-megapixel lens ကို အသုံးပြုထားမယ်လို့ သိရပါတယ်။ ဒါဟာ IMX 766 CMOS အဟောင်း လို့ ယုံကြည်ရပါတယ်။ ဒါ့အပြင် Mate 50 pro မှာ 1.5K notch curve screen ထောက်ပံ့ထားမယ်လို့လည်း ဆိုပါတယ်။ သူ့ရဲ့ ဧရိယာဟာ အရင်မျိုးဆက်တွေထက် သိသိသာသာ ကြီးမားမှာဖြစ်ပြီး Mate 20 pro နဲ့ နီးစပ်မယ်လို့လည်း သိရပါတယ်။

Ref: Gizchina